ရခိုင်တွင် စိုက်ပျိုးရေးခက်ခဲမှုကြောင့်  နိုင်ငံခြားသို့ ငွေအဆမတန်ပေး တရားမဝင်ထွက်သူများ

ရခိုင်တွင် စိုက်ပျိုးရေးခက်ခဲမှုကြောင့် နိုင်ငံခြားသို့ ငွေအဆမတန်ပေး တရားမဝင်ထွက်သူများ

ယခုနှစ်ရခိုင်ပြည်နယ်တွင် မိုးခေါင်၍ လယ်ပြင်များကို ပြီးစီးအောင်မထွန်ယက်နိုင်သေးသလို စိုက်ပျိုးထားသည့် စပါးပင်များမှာလည်း သေကြေပျက်စီးမှုများဖြစ်နေသည့်အတွက် လယ်သမားများမှာ မိမိတို့၏လယ်ပြင်များကို မထွန်ယက်တော့ဘဲ နိုင်ငံခြားသို့ထွက်သွားနေကြသည် ဟုသိရသည်။

နိုင်ငံခြားသို့ အလုပ်လုပ်ကိုင်ရန် သွားသူများအနေဖြင့်လည်း ဗီဇာ(Passport)ဖြင့်မဟုတ်ဘဲ တရားမဝင် လမ်းကြောင်းများမှ ပို့ဆောင်ပေးနေသည့် ပွဲစားဆိုသူများဖြင့် သွားလာနေကြခြင်းဖြစ်သည်။

ဒေသခံလယ်သမား၊ ပြည်သူများအနေဖြင့် ထိုင်းနိုင်ငံသို့ သွားလိုလျှင် တဦးကို ၁၈၀၀၀၀၀ ကျပ်၊ 
မလေးရှားနိုင်ငံသို့ လူတစ်ဦးလျှင် ၂၈၀၀၀၀၀ ကျပ်စီ ပွဲစားများကို ပေးကြရသည်ဟု မြောက်ဦး မြို့နယ်၊ သရက်တောကျေးရွာမှ မလေးရှားသို့ထွက်သွားခဲ့သည့် လယ်သမားတဦး၏ ဇနီးဖြစ်သူက ပြောသည်။

"ကျွန်မတို့မှာက လယ် ၂ဧကရှိပါတယ်။ ဒါပေမဲ့ မိုးမရွာလို့ ၁ ဧကတောင် ထွန်လို့မပြီးသေးဘူး။ စိုက်ပျိုးထားတဲ့ စပါးခင်းတွေဆိုရင်လည်း မြေတွေအက်ကွဲလို့။ စပါးအပင်တွေတောင် မထွက်သေးတဲ့ လယ်ကွက်တွေရှိတယ်။ ပြီးတော့ ဓာတ်မြေဩဇာဈေးကလည်း ဈေးတက်တယ်လေ။ ဒီတော့ လယ်လုပ်လို့မစားရတော့ဘူး။ နိုင်ငံခြားကို အလုပ်သွားလုပ်တော့မယ်ဆိုပြီး ထွက်သွားတာပါ" ဟုဆိုသည်။

အလားတူ မြောက်ဦးမြို့နယ်၊ မုချာကျေးရွာမှ လယ်ပြီးစီးအောင် မထွန်ခဲ့တော့ဘဲ မလေးရှားနိုင်ငံသို့ ထွက်သွားခဲ့သူတဦးက " ဒီနှစ် လယ်ထွန်ရင် ငတ်ဖို့ပဲရှိတယ်။ အဲဒါကြောင့် နိုင်ငံခြားကို သွားတာပါ။ ကျွန်တော့်မှာ မထွန်ဘဲထားခဲ့တာ လယ် ၁ ဧကနီးပါးလောက်ကျန်ခဲ့တယ်" ဟုဆိုသည်။

ယင်းအပြင် နိုင်ငံခြားသို့ သွားရန် ငွေကြေးမတတ်နိုင်သည့် သူများကိုလည်း ပွဲစားများက ငွေကြေး စိုက်ခံကာ နိုင်ငံခြားသို့ပို့ပေးပြီး ယင်းမှအလုပ်လုပ်ကိုင်ပြီး စိုက်ထုတ်ထားသည့်ငွေများကို ပြန်ဆပ်ပေးရသည့် အစီအစဉ်များဖြင့်လည်း ထွက်သွားနေကြသည်ဟု ဒေသခံကျေးရွာသားများကဆိုသည်။

"ကျွန်တော့်မှာက သွားဖို့ပိုက်ဆံမရှိဘူးလေ။ ဒီတော့ ပွဲစားတွေကပြောတယ်။ ငါ့ဆီကအကုန် အကျခံပြီး ပို့ပေးမယ်ပေါ့။ ပြီးတော့ အဲဒီက အလုပ်လုပ်ပြီးတော့ ဖြည်းဖြည်းချင်းပြန်ဆပ်လို့ ပြောတယ်။ အိမ်မှာကလည်း ပေါင်နှံ၊ရောင်းချစရာ ဘာတခုမှမရှိတော့ ဒီလိုပဲသွားခဲ့ရတာပါ။ အခုတော့ အလုပ်လုပ်နေရပါပြီ"ဟု ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြောက်ဦးမြို့နယ်၊ ခဲမောင်းတက်ကျေးရွာသားတဦးက ပြောသည်။

ယင်းအပြင် ယခုလို ပွဲစားများမှတဆင့် နိုင်ငံခြား သို့ သွားကြရခြင်းမှာ နိုင်ငံခြားသို့ မြန်မြန်ရောက်ရှိကာ အလုပ်အကိုင်ရရှိကြခြင်းကြောင်း ဖြစ်သလို  နိုင်ငံကူးလက်မှတ်(Passport)လုပ်လျှင် ၁ လကျော် ၂လနီးပါးကြာ စောင့်ဆိုင်းနေကြရခြင်းကြောင်း ဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့ရှိ မြန်နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးအဖွဲ့ခွဲရုံး(စစ်တွေ)တွင်လည်း Passportလာလုပ်နေသူ ထိုင်းနိုင်ငံသို့ ၇၀ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသို့  ၂၃ရာခိုင်နှုန်း၊ စင်ကာပူ၊ ဂျပန်နှင့် ကိုးရီးယားသို့ ၇ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။

ယခုနှစ် မေလအတွင်း မြောက်ဦးမြို့နယ်၊ မုချာကျေးရွာမှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်သွားခဲ့သူ ၁၈ဦးရှိသည်။ ၎င်းတို့ထဲမှ ၁၂ဦးမှာ ယောင်္ကျားများဖြစ်ပြီး ၆ဦးမှာ မိန်းကလေးများဖြစ်သည်။အလားတူ ဇွန်အတွင်း ၌လည်း မလေးရှားသို့ထွက်သွားသူ ၁၂ဦးခန့် ရှိသည်ဟုသိရသည်။

ဒေသခံများ၏ ပြောပြချက်အရ ပွဲစားများနှင့် သွားသူများမှာ တစ်တခါတရံ နယ်စပ်၌ဖမ်းမိကာ ထောင်ဒဏ်ကျသွားသူများလည်းရှိသည်ဟုဆို သည်။သို့သော်လည်း အများစုမှာအတားအဆီး မရှိဝင်ရောက်နိုင်ခဲ့ကာ အလုပ်အကိုင်ရရှိပြီး အဆင်ပြေသူများကြသည်ဟု ဆိုသည်။

#မြေလတ်အသံ
ပုံစာ-မြောက်ဦးမြို့နယ် ကျေးရွာတရွာလယ်စိုက်ခင်းတခုထဲ ဒေသခံတဦးကိုတွေ့ရစဉ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10