ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ အညာဒေသက ရဲဘော်တွေလည်းပါဝင်

ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ အညာဒေသက ရဲဘော်တွေလည်းပါဝင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ Generation Z Army တပ်ဖွဲ့ဟာ ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူကတဆင့် သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်၊ ၈ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ ရက္ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးတိုက်ပွဲမှာ Generation Z Armyအဖွဲ့လည်း ပါဝင်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်သင်္ဘော ၂ စီး၊ ဇက်သင်္ဘော ၁ စီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကျောက်တော်မြို့ အခြေစိုက် တပ်ရင်း၊ တပ်မတွေဖြစ်တဲ့ တပ်မဌာနချုပ် စကခ ၉ (အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ၊ ခမရ ၃၇၄၊ ခမရ ၃၇၅၊ ခမရ ၃၇၆ တို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ရဲဘော်တွေအားလုံး အန္တရာယ်ကင်းပါတယ်။ တိုက်ပွဲအတွေ့ကြုံတွေကတော့ ဘယ်အဖွဲ့စည်းနဲ့ဖြစ်ဖြစ်  ဘယ်နေရာဖြစ်ဖြစ် ညှိနှိုင်းပြီးတော့ ဆက်ယူသွားဖို့ ရှိပါတယ်။ စစ်ရေးအတွေ့ကြုံကို ကျနော်တို့ လိုချင်တဲ့ အတိုင်းတာတခုထိ ရသွားပြီဆိုရင်တော့ တော်လှန်ရေးအင်အားစုတော်တော်များများကို တွဲခေါ်နိုင်တဲ့ အနေထားထိ ရောက်မှာပါ။” လို့ Generation Z Army တပ်ဖွဲ့ ဦးဆောင်သူက မြေလတ်အသံကို ပြောပါတယ်။

တိုင်းရင်းသားဒေသမှာ စစ်ရေးအတွေ့ကြုံယူနေတဲ့ ရဲဘော်တွေနဲ့ ပတ်သက်တဲ့ အချက်လက်တွေကတော့ လုံခြုံရေးကြောင့် ပြောပြလို့မရဘူးလို့ ဆိုပါတယ်။

အဆိုပါ တပ်ဖွဲ့ဟာ အရင်က GZ Special Task Force - Wetlet အမည်နဲ့ ဝက်လက်ဒေသမှာ အခြေပြုတိုက်ပွဲဝင်နေပေမယ့်  ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ Generation Z Army လို့ အမည်ပြောင်းလဲကာ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ ဒေသစုံမှာ တိုက်ပွဲတွေဝင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

“စစ်အာဏာရှင်ကို တိုက်နေတဲ့ ဘယ်နေရာမဆို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေဝင်သွားဖို့ရှိတယ်၊ အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်နေတဲ့ နေရာတော်တော်များများမှာ အတွေ့ကြုံယူနေတာတွေ အတူတူသွားနေတာတွေ ရှိပါတယ်။ အလုပ်လုပ်ပြီးမှပဲ ထုတ်ပြန်မှာပါ”လို့ သူက ဆက်ပြောပါတယ်။

Generation Z Army တပ်ဖွဲ့ဟာ တခြားအဖွဲ့အစည်းတွေ လက်အောက်က မဟုတ်ဘဲ သီးခြားရပ်တည်နေတာဖြစ်သလို တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ပိုကောင်းမွန်တဲ့ စစ်ရေးတွေ ဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးအတွေ့ကြုံ ယူနေကြတာလည်း ဖြစ်ပါတယ်။

ပုံစာ - ရက္ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးတိုက်ပွဲမှာတွေ့ရသည့် Generation Z Army တပ်ဖွဲ့ဝင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ရခိုင်ပြည်နယ် #GZSpecialTaskForce #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10