ရခိုင်ရိုးမ တောင်ကုတ်ကားလမ်းပေါ်က ဒေသခံတွေရဲ့ စားသောက်ကုန်ဝယ်ယူမှုကို စစ်ကောင်စီက ကန့်သတ်

ရခိုင်ရိုးမ တောင်ကုတ်ကားလမ်းပေါ်က ဒေသခံတွေရဲ့ စားသောက်ကုန်ဝယ်ယူမှုကို စစ်ကောင်စီက ကန့်သတ်

ပန်းတောင်း-တောင်ကုတ်ကားလမ်းဖြတ်သွားရာ ရခိုင်ရိုးမပေါ်က ကျေးရွာဒေသခံတွေရဲ့ စားသောက်ကုန်ဝယ်ယူမှုကို စစ်ကောင်စီက ကန့်သတ်လိုက်ပြီး လူဦးရေအပေါ်မူတည်ပြီး စလစ်နဲ့ ဝယ်ယူရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီလိုက်ကန့်သတ်လိုက်တာဟာ ၂ လခန့်ရှိပြီဖြစ်ပြီး တောင်ကုတ်ကားလမ်းကနေ ရိက္ခာတွေ တဖက်ကိုပို့နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကားလမ်းကိုလည်း ပိတ်လိုက်သလို စားသောက်ကုန်ဝယ်ယူမှုကိုလည်း ကန့်သတ်လိုက်တာလို့ သိရပါတယ်။

“ဆန်ဆိုဘယ်နှစ်ပြည်၊ ဆီဘယ်နှစ်ပိဿာ၊ လက်ဖက်ခြောက်ဘယ်နှစ်ထုပ်၊ သူတို့ရေးပေးတဲ့အတိုင်းပဲ ဝယ်ကြရတယ်။ ပိုလာရင် သိမ်းတယ်” လို့ ဒေသတွင်းရွာသားတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း ပိုင်းခြားထားရာ မိုးထိတောင်ကနေစပြီး ပန်းတောင်းမြို့နယ်မှာပါဝင်တဲ့ ရိုးပေါ်က ရွာတွေကို အခုလို ကန့်သတ်ထားတာဖြစ်ပြီး ကိုယ်ဝယ်ယူမယ့် ပစ္စည်းနဲ့ လူဦးရေကို ကြည့်ကာ စလစ်နဲ့ခွင့်ပြုတာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီလမ်းပိုင်းကိုလည်း ဆိုင်ကယ်သာ ဖြတ်သန်းခွင့်ပြုပြီး သုံးဘီးဆိုင်ကယ်ကိုတောင် ဖြတ်သန်းခွင့်မပြုသလို သွားလာခွင့်ကိုလည်း ညောင်ကျိုးဂိတ်အထိသာ ပေးထားတယ်လို့ သိရပါတယ်။

“မေလဖွင့်ပြီး ဒီကြားထဲမှာ ခဏဖွင့်လိုက်တယ်။ ရိက္ခာတွေဟိုဖက်ပို့လို့ ခုပြန်ပိတ်လိုက်တာ။ နှစ်လလောက်ရှိပြီ။ သုံးဘီးဆိုင်ကယ်တောင် ခွင့်မပြုဘူး” လို့ တောင်ကုတ်ကားလမ်းဘေး ကျေးရွာဒေသခံ အမျိုးသားတဦးက ယခုလ(ဩဂုတ်) ၁၀ ရက်က ပြောပါတယ်။

အဲဒီလမ်းပိုင်းကို ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေပြန်စတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ယနေ့အချိန်အထိ ၁၀ လကြာ ပိတ်ထားတာဖြစ်ပြီး မေလကတော့ ခဏပြန်ဖွင့်ပေးခဲ့ပြီး အိမ်စီးကားလေးတွေ တက်ခွင့်ပေးခဲ့ပေမယ့် အခုတော့ အားလုံးကို ပိတ်ထားပြီလို့ ဆိုပါတယ်။

လမ်းခရီးပိတ်ပင်ထားတာ၊ ကုန်စည်ကူးသန်းခွင့်ပိတ်ထားတာတွေကြောင့် ဒေသခံတွေအနေနဲ့ စားဝတ်နေရးကျပ်တည်းနေပြီး စိုက်ပျိုးရေးထွက်ကုန်နဲ့ ခွင့်ပြုထားတဲ့ သစ်တောထွက်ပစ္စည်း ရောင်းချမှုမှာ ခရီးစရိတ်ပိုမိုကုန်ကျသလို ရက်ပိုမိုကြာမြင့်တဲ့အတွက် ပစ္စည်းဆုံးရှုံးမှုတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စီးပွားရေးကျပ်တည်းတာနဲ့ စစ်မှုထမ်းဥပဒေကြောင့်လည်း ရွာမှာ လူငယ်မရှိသလောက်ရှားပါးသွားပြီး ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးသက်ကြီးပိုင်းတွေပဲ ရှိတော့တယ်လို့ သိရပါတယ်။

အဲဒီပန်းတောင်း-တောင်ကုတ်ကားလမ်း ရခိုင်ရိုးမပေါ်မှာ ပန်းတောင်းမြို့နယ်အပိုင်အဖြစ် ညောင်ခြေထာက်၊ ၂၇ မိုင်၊ စမ်းပလက်၊ ဆင်လန်၊ ညောင်ကျိုး၊ ပုဂံကွဲ၊ ညောင်ဝိုင်း၊ ကုလားလက်တို၊ လေးအိမ်စု၊ ကျွဲကြီး၊ ကျွဲလေးနဲ့ မိုးထိဆိုပြီး ကျေးရွာတွေရှိပြီး လူဦးရေ ၅၀၀၀ ခန့်ရှိကာ ဗမာ၊ ရခိုင်၊ ချင်း၊ ကရင်နဲ့ အခြားတိုင်းရင်းသားတွေလည်း နေထိုင်ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#ရခိုင်ရိုးမ #တောင်ကုတ်ကားလမ်း #စားသောက်ကုန် #ကန့်သတ် #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10