ရင်သွေးရတနာကိုယ်ပိုင်ကျောင်း တည်ထောင်သူဆရာမကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချမှတ်

ရင်သွေးရတနာကိုယ်ပိုင်ကျောင်း တည်ထောင်သူဆရာမကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချမှတ်

စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ရှိ ရင်သွေးရတနာကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ တည်ထောင်သူဆရာမကို မေ ၂၅ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ် ချလိုက်တယ်လို့ ကျောင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ကိုယ်ပိုင်ကျောင်းပိုင်ရှင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားဦး အသက် ၅၇ နှစ်ကို စစ်ကောင်စီရဲ့ စစ်ကိုင်းခရိုင်ထောင်တွင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၄ နှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ 

" သူ့ကိုစဖမ်းကတည်းက PDF ၊ NUG နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အကြမ်းဖက်ပုဒ်မတပ်ဖမ်းခဲ့တာ။ အခုလည်း အဲဒီအမှုနဲ့ပဲထောင်ချခံရတာလို့ သိရတယ်"လို့ ကိုယ်ပိုင်ကျောင်းနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒေါ်ထားထားဦးကို PDF နဲ့ဆက်စပ်တယ်ဆိုကာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၁ ရက်မှာ စစ်ကောင်စီတပ်သားတွေက ကိုယ်ပိုင်ကျောင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးပြီးနောက် ၇ လအကြာမှာ အခုလိုထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ကာ ဆရာမကို မုံရွာအကျဥ်းထောင်မှာ ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဒေါ်ထားထားဦးကို ဖမ်းဆီးပြီးနောက် အဲ့ဒီနေ့မှာပဲ ရင်သွေးရတနာကိုယ်ပိုင်ကျောင်းကို ချိတ်ပိတ်ခဲ့တာပါ။

ဆရာမ ဒေါ်ထားထားဦးဟာ Facebook လူမှုကွန်ယက်ကနေတဆင့် ဝန်ထမ်းတွေကို CDM ပြုလုပ်ဖို့ ခြိမ်းခြောက်လှုံ့ဆော်တာနဲ့  NUG အစိုးရလက်အောက် Sagaing Fedral School အွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးတာတွေလုပ်ဆောင်တယ်ဆိုကာ စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေကနေ ဖမ်းဆီးဖို့လှုံ့ဆော်တာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီက ထောင်ဒဏ်ချမှတ်လိုက်သည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားဦး။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ရင်သွေးရတနာ #ကိုယ်ပိုင်ကျောင်း #ကျောင်းအုပ်ဆရာမ #ထောင်ဒဏ်ချမှတ်ခံရ #အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10