ရည်းစားချင်းချိန်းတွေ့စဥ် အသတ်ခံလိုက်ရတဲ့အမျိုးသမီးငယ်နာရေး မဘသရဟန်းသံဃာတွေအပါ ဒေသခံ ၁,၀၀၀ ကျော်လိုက်ပါပို့ဆောင်

ရည်းစားချင်းချိန်းတွေ့စဥ် အသတ်ခံလိုက်ရတဲ့အမျိုးသမီးငယ်နာရေး မဘသရဟန်းသံဃာတွေအပါ ဒေသခံ ၁,၀၀၀ ကျော်လိုက်ပါပို့ဆောင်

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ ဗထူးရပ်ကွက် ၆ လမ်း၊ ဘုန်းကြီးကျောင်းအနီးလမ်းကြားမှာ သမီးရည်းစားချင်းချိန်းတွေ့စဥ် သတ်ဖြတ်ခံလိုက်ရတဲ့ အမျိုးသမီးငယ်နာရေးကို မဘသရဟန်းသံဃာတွေအပါအဝင် ဒေသခံ ၁,၀၀၀ ကျော်လိုက်ပါပို့ဆောင်ကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၂ ရက် နေ့လယ် ၁ နာရီမှာ မခြူးခက်နွယ်ရဲ့ နာရေးကို နေအိမ်ကနေ ဖြူးအရှေ့သုသာန်ကို ပို့ဆောင်ချိန် ရန်ကုန်၊ မန္တလေးအပါအဝင် အခြား ဒေသခံမဘသရဟန်းတွေနဲ့ အမျိုးသားရေးသမားတွေက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဒါ့အပြင် မဘသသံဃာတွေနဲ့အမျိုးသားရေးအဖွဲ့တွေဘက်က မခြူးခက်နွယ်ရဲ့ နာရေးကို ပန်းခြင်းတွေနဲ့ ပန်းခွေတွေလည်း ပို့ပေးခဲ့ကြပါတယ်။

"ပုံမှန်ဆိုရင်တော့ နာရေးအိမ်နဲ့ သုဿန်နဲ့က သိပ်တော့မဝေးဘူး။ ဒါပေမဲ့ အမျိုးသားရေးသမားတွေနဲ့ မဘသတွေက မြို့ထဲလှည့်ပြီးမှ သုသာန်ကို ဝင်တာ။ မြို့ထဲလှည့်နေတာက အချိန်တနာရီ မကဘူးကြာနေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

မခြူးခက်နွယ်ရဲ့ နာရေးကို မြို့ထဲလှည့်ချိန်မှာ နာရေးလိုက်ပါပို့ဆောင်တဲ့ မဘသသံဃာတွေနဲ့ အမျိုးသားရေး သမားတွေက ကြွေးကြော်အော်ဟစ်တာမျိုးတော့ မလုပ်ဘူးလို့ သိရပါတယ်။ 

မခြူးခက်နွယ်ကို သတ်ဖြတ်ခဲ့တဲ့ လူငယ်ဟာ အစ္စလာမ် ဘာသာဝင်တဦးဖြစ်တာကြောင့် မဘသ သံဃာတွေနဲ့ အမျိုးသားရေးသမားတွေပါဝင်လာတာလို့ သိရပြီး နာရေးသွားနေချိန် ရဲတွေက လုံခြုံရေးယူပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းမှာ အသက် ၂၄ နှစ်အရွယ် မခြူးခက်နွယ်ဟာ ရည်းစားဟောင်းဖြစ်သူ အောင်မြတ်သူ ၁၇ နှစ်က ချိန်းဆိုတာကြောင့် သွားရောက်တွေ့ဆုံစဥ်မှာ လည်ပင်းကိုဓားနဲ့ထိုးပြီးသတ်ဖြတ်ခံ လိုက်ရတာပါ။

ဓားနဲ့ထိုးသွားတဲ့ ကောင်လေးကိုတော့ ကောင်လေးနေထိုင်တဲ့နေအိမ်မှာ ရဲကဝင်ဖမ်းသွားပြီး ဖြူးမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဖြူးမြို့ #ဗထူးရပ်ကွက် #ဘုန်းကြီးကျောင်း #သမီးရည်းစား #အမျိုးသမီး #နာရေး #မဘသ #ရဟန်းသံဃာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10