“ရတဲ့ငွေတွေ အကုန်လုံးကလည်း ကျနော့်အတွက် တပြားတချပ်မှ မပါသလို ဘယ်သူ့အတွက်မှလည်း မပါပါဘူး။ အကုန်လုံးကို အညာက အဖွဲ့သုံးဖွဲ့အတွက်ပဲ အညီအမျှ ခွဲပေးသွားမှာပါ”

“ရတဲ့ငွေတွေ အကုန်လုံးကလည်း ကျနော့်အတွက် တပြားတချပ်မှ မပါသလို ဘယ်သူ့အတွက်မှလည်း မပါပါဘူး။ အကုန်လုံးကို အညာက အဖွဲ့သုံးဖွဲ့အတွက်ပဲ အညီအမျှ ခွဲပေးသွားမှာပါ”

လက်ရှိ မြေပြင်မှာ လက်နက်ကိုင်တော်လှန်ရေးတွေ ဆင်နွှဲနေတဲ့ အညာတော်လှန်ရေးသမားတဦး ဖြစ်သလို တော်လှန်ရေးကဗျာတွေရေးသားနေတဲ့ ကဗျာဆရာတဦးလည်းဖြစ်တဲ့ ကဗျာဆရာ PlugX ရဲ့ "မြို့ထဲကို စစ်ကားတွေဝင်လာပြီးကတည်းက" ဆိုတဲ့ ကဗျာစာအုပ်ဟာ တော်လှန်ရေးရံပုံငွေအဖြစ် ပြည်ပနိုင်ငံတွေမှာ ရောင်းချနေကြပါတယ်။

ကဗျာဆရာ PlugX ရေးသားခဲ့တဲ့ “နိုင်ငံပိုင်ရုပ်သံသတင်းမှာ မင်းဓာတ်ပုံပါလာတဲ့ နေ့က” ဆိုတဲ့ကဗျာဟာ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးခဲ့တဲ့ ကဗျာတပုဒ်ဖြစ်ခဲ့သလို အဲဒီကဗျာဟာ ကာဗာ (Cover) ပြန်ရွတ်ကြသူတွေ များပြားခဲ့တဲ့ ကဗျာတပုဒ်လည်း ဖြစ်ပါတယ်။

အညာတော်လှန်ရေးသမားတဦးလည်းဖြစ်တဲ့ ကဗျာဆရာ PlugX ရဲ့ အခုစာအုပ်ထဲမှာ ကဗျာအပုဒ်ရေ ၄၀ ကျော်ပါဝင်ပါတယ်။ အဲဒီကဗျာစာအုပ်ထဲမှာ ဘယ်လိုအကြောင်းအရာ၊ အဖြစ်အပျက်တွေကို ဖော်ကျူးရေး ဖွဲ့ထားလဲဆိုတာနဲ့ ဒီစာအုပ်ရောင်းရငွေတွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုသွားမလဲဆိုတာ ကဗျာဆရာ PlugX နဲ့ မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

“အခုမှသာ ကျနော်တို့ အညာဒေသနဲ့ ပြည်မထဲမှာ ခံရတာကိုး။ အခုချိန်မှာ ပိုတောင်ရှက်မိပါတယ်၊ အရင်တုန်းက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၁ ခုလောက်ကကျတော့ ကျနော်တို့ ဒီ တိုင်းရင်းသားဒေသမှာ ဖြစ်နေခဲ့တဲ့ စစ်ပွဲတွေအကြောင်း၊ နောက်ပြီးတော့ ဖိနှိပ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ နောက် စစ်ရဲ့ ဆိုးကျိုးတွေ အကြောင်းကို ကျနော်တို့ မသိခဲ့လေခြင်းဆိုပြီးတော့ နောင်တတောင် ရမိတာမျိုးတွေရှိပါတယ်။” - PlugX

မေး - ကဗျာစာအုပ်ခေါင်းစဥ်ပေးဖြစ်တဲ့ အကြောင်းလေး အရင်ပြောပြပေးပါဦး။

ဖြေ - မြို့ထဲကိုစစ်ကားတွေဝင်လာပြီးကတည်းကဆိုတာ အဲထဲမှာပါတဲ့ ကဗျာတပုဒ်ရဲ့နာမည်ပါပဲ။ ဒီစာအုပ်နာမည်သပ်သပ် မဟုတ်ပါဘူး။ ဘာလို့ အဲဒီနာမည်ပေးတာလဲဆိုတော့ ဒီတိုင်းပဲဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ဒါမြို့ထဲကို စစ်ကားတွေဝင်လာတယ်၊ အာဏာမသိမ်းခင်တုန်းက။ မြို့ထဲကို စစ်ကားတွေဝင်လာတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ ကြားရတယ်ဗျ။ မန္တလေးမှာဆိုလည်း မြင်နေရတာကိုး ရန်ကုန်မှာဆိုရင်လည်း ကားကြီးတွေဝင်လာကြတယ်။ အာဏာသိမ်းတော့မလား သိမ်းတော့မလားဆိုပြီး ကျနော်တို့ဝိုင်းပြီးတွေးကြတယ်။ အဲဒီအတွေးနဲ့ပါပဲ။ အခု ကျနော် ဒီရေးထားတဲ့ကဗျာတွေက အဲဒီစစ်ကားတွေဝင်လာပြီးတဲ့နောက်မှာ ကျနော်တို့ ဖြစ်နေတဲ့ ကိစ္စတွေ အများစုကို ကျနော်ရေးထားတယ်။ အဲ့ဒီအဖြစ်အပျက်တွေ ရေးထားတာဖြစ်တဲ့အတွက် ပြီးတော့ ဒီကာလမှာ လုပ်ခဲ့တဲ့အရာတွေဖြစ်တဲ့အတွက် ဒီခေါင်းစဥ်ကိုပေးလိုက်တာပါပဲ။ သိပ်ပြီးတော့ ထွေထွေထူးထူးမရှိပါဘူး။

မေး- စာအုပ်ထုတ်လိုက်ပြီလား အွန်လိုင်းကနေဖတ်ဖို့ပဲ လုပ်မှာလား၊ ဘယ်လိုမျိုးဖြစ်မလဲ။

ဖြေ - သူက ပရင့်ထုတ်မှာဗျ၊ ပရင့်စာအုပ်ပဲဖြစ်မှာ၊ စာအုပ်ကို ရိုက်တာတော့ ပြည်ပမှာပဲ ရိုက်ရမှာ၊ ထိုင်းဘက်မှာရိုက်ပြီးတော့ ပြည်ပက နိုင်ငံ ၇ နိုင်ငံလောက်ကို ကျနော်တို့ ဖြန့်ဖို့ရည်ရွယ်ထားတယ်။ နောက်ပြီးတော့ Fundraising ဖြစ်တဲ့အတွက် တန်ဖိုးကတော့ နည်းနည်းများတယ်ပေါ့။ မြန်မာငွေနဲ့ဆိုရင်၊ တသောင်းခွဲ နှစ်သောင်းဝန်းကျင်လောက် ကျလိမ့်မယ်။ ထိုင်းဘတ် ၂၅၀ နဲ့ ရောင်းဖို့ တည်ထားတယ်။

အမေရိကားမှာဆိုရင် ဒေါ်လာ ၂၀၊ ၂၅ လောက် ဖြစ်မယ်ထင်တယ်။ ဒါကတော့ အဲဒီကို ပို့ခတွေအပေါ် မူတည်ပြီးတော့ ပြောင်းသွားမှာပေါ့။ နောက်ပြီး ရတဲ့ငွေတွေအကုန်လုံးကလည်း ကျနော့်အတွက် တပြားတချပ်မှ မပါသလို ဘယ်သူ့အတွက်မှလည်း မပါပါဘူး။ အကုန်လုံးကို အညာက အဖွဲ့သုံးဖွဲ့အတွက်ပဲ အညီအမျှ ခွဲပေးသွားမှာပါ။

မေး - ကဗျာတွေက ဘယ်နှစ်ပုဒ်လောက်ပါလဲ၊ ဘယ်လိုအကြောင်းအရာတွေ အဓိကပါလဲ။

ဖြေ - ကဗျာကတော့ ၄၀ ကျော်ပါတယ်။ အကြောင်းအရာကတော့ ဒီတော်လှန်ရေး ရဲဘော်တွေရဲ့ အကြောင်းတွေ၊ နောက်ပြီးတော့ တော်လှန်ရေးဖြစ်ပြီးတဲ့နောက်ပိုင်း ကျနော်တို့ဖြစ်နေတဲ့ ခံစားချက်တွေ၊ နောက် ဒီတော်လှန်ရေးဖြစ်ပြီး ဒီကာလထဲက အကြောင်းအရာတွေပဲပေါ့။ တခြား ဒီကာလထဲက အကြောင်းအရာတွေကိုပဲ Inspire ယူပြီး ရေးထားတဲ့ဟာတွေပါ။

မေး - အခြားနိုင်ငံတွေပဲ ရောင်းမယ်ဆိုတော့ ပြည်တွင်းမှာ ဖတ်ချင်တဲ့သူတွေအတွက်ရော ဘယ်လိုမျိုး စီစဉ်ထားတာရှိပါသေးလဲ။

ဖြေ - ဒါကတော့ ပြည်တွင်းကို နောက်မှပဲ စီစဉ်ရလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာအုပ်နာမည်အရရော ဒီ PlugX ဆိုတဲ့ နာမည်အရရော နောက်ပြီးတော့ ဒီစာအုပ်အဖုံးကြီးကအစ ပြည်တွင်းမှာတော့ ကျနော်တို့ လောလောဆယ် ဖြန့်ဖို့၊ ထုတ်ဝေဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေ နိုင်ဘူး။ နောက်ပြီး ဒီဈေးကလည်း ပြည်တွင်းနဲ့ဆို အရမ်းများတယ်။ အဲ့ဒီတော့ ဒါကြီးပြီးသွားရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း ဒီ Fundraising ကာလ ၁ လ သို့မဟုတ် ၂ လ အဲ့လောက်ပါပဲ။

ဒီ ၂ လမှာ ကျနော်တို့မှန်းထားတဲ့ အုပ်ရေ ၂၀၀၀ ဆို ၂၀၀၀ ကုန်ပြီဆိုတာနဲ့ ဒါကို ကျနော် ရပ်လိုက်မှာ။ ရပ်ပြီးတော့မှ နောက် ပြည်တွင်းကိုတော့ ကျနော် အစမ်းဈေးနှုန်းနဲ့ဖြစ်ဖြစ်၊ အဲ့ဒါကိုတော့ ကျနော် သိပ်ပြီးမစဉ်းစားရသေးဘူး။ ဒါပေမယ့် ပြည်တွင်းကိုတော့ အကုန်လုံးအတွက်လုံခြုံရေးတွေ ဘာတွေရောကို ထည့်ပြီးစဉ်းစားမယ်ဆို နောက်ဆုံး ဒီတော်လှန်ရေးကြီးပြီးသွားမှပဲ ပြန်ထုတ်ဖြစ်တာမျိုး ဖြစ်လိမ့်မယ်ဗျ။ ဒါမှမဟုတ်လည်း E-book version အနေနဲ့ ပြန်ရောင်းတာမျိုး တစ်ခုခုတော့ ကျနော် ပြန်လုပ်မှာပါ။

မေး- အညာက အဖွဲ့ ၃ဖွဲ့ကို လှူမယ်လို့ ပြောထားတာရှိတယ်။ အဲ့ဒါ ဘယ်အဖွဲ့တွေကို လှူမယ်ဆိုတာကိုရော ပြောလို့ရလား။

ဖြေ - ရပါတယ်ဗျ ပြောလို့ရပါတယ်။ ကျနော်တို့ ဒီအညာဒေသ အဖွဲ့ ၃ ဖွဲ့ပေါ့နော်။ တဖွဲ့က "တောင်ညိုနဂါး ပြည်သူ့ကာကွယ်ရေးအဖွဲ့" ဆိုတဲ့ အညာဒေသမှာ လှုပ်ရှားနေတဲ့အဖွဲ့ရယ်၊ ပြီးတော့ "မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့"ရယ် နောက်ပြီးတော့ "ပခုက္ကူခရိုင်တပ်ရင်း ၁၃" NUG တပ်ရင်း ၁၃ ပေါ့နော်။ အဲ့ဒီ ၃ ဖွဲ့ကို ပြန်ပြီး ခွဲပေးသွားမှာပါ။

မေး - အရင်က ထွက်ခဲ့တဲ့ "နိုင်ငံပိုင်ရုပ်သံသတင်းမှာ မင်းဓာတ်ပုံပါလာတဲ့နေ့က" ဆိုတဲ့ကဗျာပါဦးမလား။ အဲ့ကဗျာကရော အစ်ကို့အကြောင်းလား၊ သူများအကြောင်းအရာကို ရေးထားတာလား။

ဖြေ- အဲ့ဒါက တကယ်တော့ ဘယ်သူ့အကြောင်းမှလည်း မဟုတ်ပါဘူး။ ကျနော့်ဘာသာ ကျနော် ဒီ မြန်မာ့အသံလား တခါကြည့်ဖြစ်တာပေါ့။ အဲ့ဒီကာလမှာ ဆန္ဒတွေပြပြီးတော့ ၄ လပိုင်းလောက်မှာ တချို့ Mission လေးတွေ လုပ်နေကြတယ်။ Operation တချို့ လုပ်နေကြတယ်။ သူတို့ ဒေါက်တိုင်တွေကို ဗုံးခွဲတာတွေ ဘာတွေ လုပ်နေတဲ့အချိန်မှာ၊ ရန်ကုန်ကပဲ ထင်ပါတယ် သူတို့ကို ဖမ်းပြီးတော့ စစ်ခုံရုံးမှာ တင်လိုက်တယ်။ တင်ပြီးတော့ အဲ့ဒီ လူငယ်တွေ ၇ ယောက် ၈ ယောက်လောက် ရှိမယ်ထင်ပါတယ်။ တခါတည်း သေဒဏ်ချလိုက်တော့ အဲ့ဒါကို ကျနော့်စိတ်ထဲမှာ စွဲသွားပုံရပါတယ်။ အဲ့ဒါကိုပဲ ကျနော့်ကိုယ် ကျနော်ပေါ့နော်။ ကျနော်သာပဲ ဒီလိုဖြစ်ခဲ့မယ်ဆိုရင်ဆိုတဲ့ ခံစားမှုမျိုးနဲ့ ရေးဖြစ်လိုက်တယ် ထင်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ကဗျာကို ကျနော် အွန်လိုင်းမှာ တင်လိုက်တာ။ အဲ့ကဗျာ ရေးပြီးပြီးချင်းပဲ ရေမွန် (Idiots)က ဆုံးသွားတယ်။ အဲ့မှာ အဲ့ကဗျာက နည်းနည်း လူသိများသွားတယ်ပေါ့။ သူက ရေမွန့်ကို ရေးတာလားပေါ့။ အဲ့လိုမျိုး ဖေ့စ်ဘုတ်သုံးတဲ့သူတွေက အဲ့လိုမျိုးထင်ပြီးတော့ အဲ့အတွေးတွေနဲ့ Share ကြတာလည်း များတယ်ဗျ။ အဲ့ကဗျာကတော့ တော်တော်လေး လူသိတော်တော်များသွားတယ်လို့ ပြောလို့ရတယ်။ တကယ်တော့ ဘယ်သူ့အကြောင်းမှ မဟုတ်ပါဘူး။

မေး- အခုထုတ်မယ့် ကဗျာတွေထဲမှာ အညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေရော ပါလား။

ဖြေ - ပါပါတယ်။ ပါပါတယ်ဆိုတာက ကျနော်ကိုယ်တိုင်လည်း အညာက မြေပြင်မှာရှိနေတဲ့ ရဲဘော်တယောက်ပဲဆိုတော့ ကျနော်မြင်နေရတဲ့၊ ဥပမာ ပြောရရင် အညာက ကျေးရွာတွေကို မီးရှို့ခံလိုက်ရတဲ့ မြင်ကွင်းတွေ၊ နောက်ပြီး စစ်ဘေးရှောင်နေရတဲ့ လှည်းလေးတွေနဲ့ ခြေလျင်ပဲဖြစ်ဖြစ်၊ လှည်းနဲ့ပဲဖြစ်ဖြစ် ပြီးတော့ ပစ္စည်းတွေအများကြီးသယ်ပြီးတော့ ကလေးလေးတွေနဲ့ ပြည်သူတွေပေါ့။

အဓိက ကတော့ ပြည်သူတွေ ပြေးလွှားနေရတဲ့ပုံရိပ်တွေ အဲ့ဒါတွေကို ကျနော် အဓိက ပုံရိပ်တွေနဲ့ သက်ဆိုင်တဲ့ စာသားတွေ ဖြစ်လိမ့်မယ်ထင်တယ်။ ဘာလို့လဲဆို ကျနော် ဒီဟာတွေကိုပဲ ကျနော် နေ့စဉ် မြင်နေရတာ။ နောက်တခါ ဒီအညာက ရဲဘော်တွေရဲ့ အကြောင်းတွေပေါ့။ ဒီအညာက ရဲဘော်တွေရဲ့ ခံစားချက်တွေ၊ နောက်တခါ စစ်ရဲ့ဆိုးကျိုးတွေ၊ နောက်ပြီး ဒီစစ်ကြောင့် အထိနာလိုက်ရတဲ့ ပြည်သူတွေရဲ့ဘဝတွေ အသက်အိုးအိမ်စည်းစိမ်တွေ၊ နောက်တခါ ကျနော့် ကဗျာထဲမှာ အများဆုံးပါနိုင်တာကတော့ အဲဒီ မီးခိုးငွေ့တွေ၊ နောက် လူသေအလောင်းတွေ ဒါတွေပဲ။ ဒီအဖြစ်အပျက်ကြီးကြားက ကျနော် မြင်တွေ့ရတဲ့ အရာတွေကိုပဲ ကျနော်ရေးထားတာပါ။

မေး - ဒီကဗျာတွေက တော်လှန်ရေးမှာ ဘယ်လောက်ထိ သက်ရောက်မှုရှိမယ်လို့ ထင်လဲ၊ ဒီကဗျာတွေ ဖတ်လိုက်ပြီးရင် ဘယ်လောက်အထိ တော်လှန်ရေးအတွက် ပါဝင်ပတ်သက်မှု ရှိလာလိမ့်မယ်လို့ မျှော်လင့်လဲ။

ဖြေ - အဲ့လိုကျ မပြောတတ်ဘူး။ ဒါပေမယ့် အဲ့ဒီ ကဗျာ အများစုကပေါ့ တောထဲရောက်သွားတဲ့ ရဲဘော်တွေ၊ တောထဲရောက်သွားတဲ့ သူငယ်ချင်းတွေအကြောင်းကို ရေးထားတာတွေ ပါတယ်ပေါ့။ နောက်ပြီးတော့ တောထဲက ရဲဘော်တွေက သူတို့အိမ်တွေ အမေတွေ အဖေတွေ မိသားစုကိုပေါ့၊ အိမ်ကို လွမ်းတဲ့အကြောင်းတွေ တော်တော်များမယ်ထင်ပါတယ်။ ကျနော့် ကဗျာထဲမှာ ဒါတွေပဲများနေတာ။ အဲ့ဒါတွေက မြေပြင်က ရဲဘော်တွေ တော်တော်များများ၊ စခန်းတော်တော်များများမှာ အရင်က Audio Album လေး လုပ်ဖူးတော့၊ အဲ့ဒီ အသံဖိုင်လေးကို သူတို့အိပ်ကာနီးမှာ နားထောင်ကြတယ်တို့ဘာတို့၊ အဲ့လိုမျိုး ကျနော် ကြားဖူးတာပေါ့။ နောက်ပြီး ကျနော်ရောက်နေတဲ့ နေရာတွေမှာလည်း အဲ့ဒီလိုမျိုး သူတို့ ကျနော့် ကဗျာတွေကို ရွတ်ထားတဲ့ အသံဖိုင်တွေကို နားထောင်ပြီး အိပ်ကြတယ်တို့ ဘာတို့ဆိုတော့ သူတို့အတွက် စိတ်တခုခု ပေးနိုင်တာပေါ့။ ဒီလောက်ပဲ ကျနော် တွေးပါတယ်၊ ကျန်တာတော့ ကျနော် အများကြီးမတွေးပါဘူး။

မေး - အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီလိုမျိုး လက်နက်ကိုင်ပြီး တော်လှန်ရမယ်၊ ဒါမျိုးအဖြစ်အပျက်တွေ ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့လား၊ ရေးဖြစ်သွားတာကရော ဒါတွေမြင်နေရတဲ့အတွက် ရေးဖြစ်သွားတာ မျိုးလား။

ဖြေ - အာဏာသိမ်းပြီးပြီဆိုကတည်းက ဆန္ဒပြတဲ့နည်းနဲ့ မရတော့ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်ကတည်းက ဒီလက်နက်ကိုင်လမ်းကြောင်းပေါ် ရောက်ကိုရောက်မယ်ဆိုတာ ကျနော် သိပြီးသားပါ။ ဒီလမ်းကြောင်းကို ကိုယ်လည်း မဖြစ်မနေလိုက်ပါရတော့မယ် ဆိုတာကိုလည်း သိပြီးသားပါ။ ဒီကဗျာ ရေးတာကတော့ မဆိုင်ပါဘူး။ မဆိုင်ဘူး အရင်တုန်းကလည်း ကျနော် ရေးခဲ့တာပဲပေါ့နော်။ ဒါပေမယ့် အရင်တုန်းကတည်းကလည်း စစ်ကဖြစ်နေခဲ့တာ၊ အခုမှသာ ကျနော်တို့ အညာဒေသနဲ့ ပြည်မထဲမှာ ခံရတာကိုး။ အခုချိန်မှာ ပိုတောင်ရှက်မိပါတယ်၊ အရင်တုန်းက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၁ ခုလောက်ကကျတော့ ကျနော်တို့ ဒီ တိုင်းရင်းသားဒေသမှာ ဖြစ်နေခဲ့တဲ့ စစ်ပွဲတွေ အကြောင်း၊ နောက်ပြီးတော့ ဖိနှိပ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ နောက် စစ်ရဲ့ ဆိုးကျိုးတွေ အကြောင်းကို ကျနော်တို့ မသိခဲ့လေခြင်းဆိုပြီးတော့ နောင်တတောင် ရမိတာမျိုးတွေရှိပါတယ်။ ကဗျာရေးတယ်ဆိုတာ လက်ရှိအချိန်မှာ ဖြစ်နေတာကို ပိုပြီးတော့ ဟိုက်လိုက်လုပ်ပြီးတော့ ဒါကို ကျနော် အချိန်ရတယ် ကျနော် ရေးချင်စိတ်ရှိတယ်ဆိုတဲ့ အချိန်မှာ ရေးဖြစ်လိုက်တာပါပဲ။

မေး- ဒီကဗျာစာအုပ်ကို ပြည်ပရောက်ပြည်သူတွေအနေနဲ့ ဘာကြောင့် အားပေးသင့်တယ်ဆိုတာလေး ပြောပေးပါဦး။

ဖြေ - ဒီကဗျာစာအုပ်က ပြည်ပမှာအဓိကရောင်းမှာဖြစ်တဲ့အတွက် ဒီပြည်ပမှာရောက်နေတဲ့ တော်လှန်ချင်တဲ့ တော်လှန်ပြည်သူတွေအနေနဲ့ ဒီစာအုပ်ကို အားပေးပေးပါပေါ့။ ဒီစာအုပ်ကိုအားပေးပြီးတော့ ကျနော်တို့ အညာက တော်လှန်ရေး မြေပြင်မှာတကယ်ရှိနေကြတဲ့ တော်လှန်ရေးအဖွဲ့တွေကို တဖက်တလမ်းကနေ ကူညီပေးတဲ့အနေနဲ့ ဒီစာအုပ်ကို အားပေးဖို့ အားပေးပေးကြပါလို့ ပြောချင်ပါတယ်။ ဒီပြည်တွင်းက ပြည်တွင်းအတွက်တော့ ကျနော် အဆင်ပြေတဲ့ကာလတခုမှာ ဖြစ်အောင်စီစဥ်ပေးချင်ပါတယ် စီစဥ်ပေးပါမယ်ပေါ့။

အဲ့ဒီအတွက်လည်း ပြည်တွင်းမှာမဖြန့်နိုင်တဲ့အတွက်လည်း ပြည်တွင်းကပြည်သူတွေကို ကျနော် အားနာပါတယ်ပေါ့။ တောထဲက ရဲဘော်တွေအတွက်လည်း ကျနော် ဒီစာအုပ်ကို လက်ဆောင်ပေးချင်ပါတယ်။ ဘယ်လိုနည်းတွေနဲ့ ဒါကို... တကယ်တော့ဗျာ ဒီကဗျာစာအုပ်ဆိုတာ ကျနော် ဒီကနေပြီးတော့ ဘာအကျိုးအမြတ်မှ ရချင်တာမဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့ ကျနော် ဒီ တောထဲကရဲဘော်တွေ လက်လှမ်းမီရာ လက်လှမ်းမီရာတွေကိုလည်း E-book version ဖြစ်ဖြစ် အရင်တုန်းကလုပ်ခဲ့သလို Audio-Book ပဲဖြစ်ဖြစ်ပေါ့နော်။ ကျနော်လုပ်ပြီးတော့ အဲ့ဒါကိုလည်း ဒီတော်လှန်တဲ့ တော်လှန်ရေးရဲဘော်တွေဆီ ဖြန့်ပေးချင်ပါတယ်။ ကျန်တာတော့မရှိပါဘူး။ ကျေးဇူးတင်ပါတယ်။

ဇေယျ ဆက်သွယ်မေးမြန်းသည်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10