ရထားလမ်းလုံခြုံရေး စစ်သားတွေက သားအဖ ၂ ဦးကို သတ်ပြီး ရွာတွေကိုမီးရှို့နေ

ရထားလမ်းလုံခြုံရေး စစ်သားတွေက သားအဖ ၂ ဦးကို သတ်ပြီး ရွာတွေကိုမီးရှို့နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ရထားလမ်းကို လုံခြုံရေးလာပေးတဲ့စစ်သားတွေက သုံးဆင့်ကန်ရွာကိုမီးရှို့ပြီး ရေသောက်ကန်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၁ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က သုံးဆင့်ကန်ရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေဟာ ရွာအရှေ့ပိုင်းကိုမီးရှို့ခဲ့တာကြောင့် အိမ်တလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

"တိုးချဲ့ရပ်ကွက်ဖြစ်နေလို့ အိမ်တလုံးပဲပါသွားတာ။ အိမ်ကိုမီးရှို့ပြီး တောထဲမှာစစ်ရှောင်နေတဲ့ ဒေသခံတွေကိုလည်း သေနတ်နဲ့လိုက်ပစ်တယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါကြောင့် တောထဲက လယ်တဲတွေမှာ တိမ်းရှောင်နေတဲ့ ပြည်သူတွေဟာ ထပ်မံထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့ညနေ ၄ နာရီလောက်မှာ ရေသောက်ကန်ကျေးရွာကို တပ်စွဲထားတဲ့စစ်တပ်ကလည်း ရေသောက်ကန်ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်ကလည်း ရေသောက်ကန်ရွာအရှေ့ဘက်က ညောင်ပင်ကြီးတောကျေးရွာက နှမ်းခင်းမှာ မြေသြဇာကျဲနေတဲ့ သားအဖနှစ်ဦးကို စစ်တပ်ကဖမ်းပြီး ရထားလမ်းပြင်ဖို့ သယ်လာတဲ့ ဘက်ဟိုးကားနဲ့ အရှင်လတ်လတ်မြေမြှုပ်သတ်ဖြတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၈ ရက်ကတည်းက ဝက်လက်မြို့နယ်နဲ့ တမိုင်ခန့်ဝေးတဲ့ ပေါက်ကန်ဘူတာကို စစ်လက်နက်ခဲယမ်းတွေနဲ့ရောက်လာတဲ့ ရထားတွေကို လုံခြုံရေးပေးဖို့ ရောက်လာပြီး သုံးဆင့်ကန်ကျေးရွာနဲ့ ရေသောက်ကန်ကျေးရွာတို့မှာ တပ်စွဲထားခဲ့ကြတာပါ။

ဒေသခံပြည်သူတွေကလည်း စစ်ကြောင်းရောက်နေတဲ့ စက်တင်ဘာလ ၈ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ဒီနေ့ဆို ၂ ပတ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီကလည်း ထောက်ပို့လမ်းကြောင်းအတွက် အဲ့ဒီရထားလမ်းပိုင်းကို အသုံးပြုဖို့ ဇူလိုင်လ ကတည်းက ကြိုးစားနေတာဖြစ်ပြီး စစ်ကိုင်း - ရွှေဘို ရထားလမ်းတလျှောက်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ဖျက်ဆီးထားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင်လအတွင်းမှာ မြေလတ်အသံကို ဖြေကြားထားပါတယ်။ 

စာတည်း - ဇို 

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စစ်ကောင်စီ #ပစ်ခတ် #သတ်ဖြတ် #သားအဖ #သတင်း။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10