ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆီဘောက်ဆာတွဲကား တိမ်းမှောက်ပြီးမီးလောင်လို့ ယာဉ်မောင်းသေဆုံး

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆီဘောက်ဆာတွဲကား တိမ်းမှောက်ပြီးမီးလောင်လို့ ယာဉ်မောင်းသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၃ရပ်ကွက်၊ ပင်းတလဲကျောင်းကွေ့အနီးမှာ တွဲဆီဘောက်ဆာကား တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားလို့ တွဲကားယာဉ်မောင်း မီးလောင်သေဆုံးခဲ့တယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၇ ရက် ဒီနေ့ နေ့လယ် ၁၁ နာရီခန့်မှာ ပြွန်တန်ဆာမြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ဆီဘောက်ဆာတွဲကားဟာ ၁၀ ဘီးယာဉ်နဲ့ တုတ်တုတ်(သုံးဘီးယာဉ်)တို့ကို ဝင်တိုက်ပြီးတဲ့နောက် တိမ်းမှောက်သွားပြီး မီးစတင်လောင်ကျွမ်းကာ နေ့လယ် ၁နာရီကျော်မှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ ဆီဂါလံ ၈၀၀၀ ကျော်မယ်ထင်တယ် ဘောက်ဆာတွဲကားက တော်တော်ကြီးတယ်။၊ ၂ နာရီလောက် မီးငြှိမ်းလိုက်ရတယ်၊ ကားကတော်တော်ဆိုးဆိုးကို လောင်သွားတာဆိုတော့ အလောင်းကတော့ တွေ့၊ မတွေ့ မသေချာဘူး”လို့ ပြွန်တန်ဆာမြို့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဆီဘောက်ဆာကား မီးလောင်မှုကြောင့် ယာဉ်မောင်းကားဆရာတဦး မီးထဲပါ သေဆုံးခဲ့ကာ ယာဉ်နောက်လိုက်ကတော့ ပွန်းပဲ့ဒဏ်ရာတချို့သာရရှိခဲ့ပြီး ပြွန်တန်ဆာဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုကို ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ ညောင်လေးပင်မြို့နယ်မီးသတ်စခန်း၊ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်း၊ ပိန်းဇလုပ်နယ်မြေမီးသတ်စခန်း၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်း၊ ဝေါမြို့နယ်မီးသတ်စခန်းတွေကနေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လတုန်းကလည်း အဆိုပါနေရာမှာပဲ FUSO ဆီဘောက်ဆာကားတိမ်းမှောက်ကာ မီးလောင်ခဲ့ဖူးပြီး ယာဉ်ပေါ်ပါလာတဲ့ ပြည်သူ ၂ဦး ဒဏ်ရာရကာ နေအိမ်တချို့မီးလောင်ခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ 

#ပဲခူး #ညောင်လေးပင် #ပြွန်တန်ဆာ #မန္တလေးလမ်းဟောင်း #တွဲဆီဘောက်ဆာ #ကားမီးလောင် #တိမ်းမှောက်မှု #ယာဉ်မောင်းသေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10