ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ လောင်စာဆီသယ်တွဲကား တိမ်းမှောက်မီးလောင်မှုဖြစ်ပြီး အမျိုးသား ၁ ဦးသေဆုံး

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ လောင်စာဆီသယ်တွဲကား တိမ်းမှောက်မီးလောင်မှုဖြစ်ပြီး အမျိုးသား ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ လောင်စာဆီသယ်တွဲကား မီးလောင်တိမ်းမှောက်ပြီး အမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနေ့ညနေ ၄ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို ဦးတည်မောင်းနှင်လာတဲ့ လောင်စာဆီ(ဒီဇယ်)တွဲယာဥ်ဟာ မိုင်တိုင်အမှတ် ၉၅/၁ နဲ့ ၉၅/ ၂ ကြားအရောက်မှာ တိမ်းမှောက်ကာ မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

" နောက်ဘီးကနေ မီးစွဲလောင်လာပြီး စလစ်ဖြစ်ပြီး မှောက်သွားတာ။ လူကတော့ ၁ ယောက်သေသွားတယ်။ လမ်းကြုံလိုက်လာသူ ၁ ယောက်သေတယ်။ ကားကတော့ မီးလောင်သွားတယ်။"လို့ ကျောက်တံခါးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဉ်တိမ်းမှောက်တာမှုကြောင့် ယာဥ်ပေါ်ပါ  ပဲနွယ်ကုန်းမြို့နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ပြီး ၎င်းဟာ အဆိုပါဆီသယ်တွဲကားနဲ့ လမ်းကြုံလိုက်လာသူလို့သိရကြောင်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါဆီတင်တွဲကားဟာ ရန်ကုန်ကနေ တောင်ကြီးမြို့ကိုပို့ဆောင်မှာဖြစ်ပြီး  သယ်ဆောင်လာတဲ့ ဒီဇယ်ဆီဂါလံ ၇၀၀၀ ကျော်နဲ့ ယာဥ် ၁ စီးလုံး မီးလောင်ဆုံးရှုံးခဲ့ကာ ယာဉ်မောင်းနှင်သူ ရဲထွဋ်လွင် အသက် ၃၂ နှစ်မှာ တိမ်းရှောင်ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။

ဆီဘောက်ဆာတိမ်းမှောက်မီးလောင်ခဲ့လို့ ကျောက်တံခါး၊ ညောင်လေးပင်မြို့နယ်အတွင်းက မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေက၂ နာရီကျော်ကြာ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရပြီး ပတ်ဝန်းကျင်ကိုထိခိုက်တာမျိုးမရှိဘူးလို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားအလောင်းကိုတော့ ဒေသလူမှူကူညီရေးအသင်းက ကောက်ယူပြီး ကျောက် တံခါးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၁ ရက်ကလည်း အုတ်တွင်းမြို့၊ တောင်ဘက်ခြမ်း၊ မြို့ဦးစေတီတံတားအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၉/၄ နဲ့ ၁၄၉/၅ အကြားမှာ ဆီဘောက်ဆာကားက ကျောင်းသား/ ကျောင်းသူတွေကို ဝင်တိုက်မိလို့ ၄ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဓါတ်ပုံ - MFSD.

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ကျောက်တံခါး #အမြန်လမ်း #ဆီသယ်ယာဉ် #တိမ်းမှောက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10