ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ၁၂ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မိလို့ ၂ စီးလုံးမီးလောင်၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ၁၂ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မိလို့ ၂ စီးလုံးမီးလောင်၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ပဲခူးမြို့နယ်၊ တောစွန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ၁၂ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မိလို့  နှစ်စီးလုံးမီးလောင်ကာ အမျိုးသမီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၆ ရက် မနေ့ည ၈ နာရီဝန်းကျင်မှာ ဒိုက်ဦးကနေ ဘုရားကြီးဘက်မောင်းနှင်လာတဲ့ ၁၂ ဘီးကုန်တင်ယာဥ်ကို တောစွန်းကျေးရွာ လမ်းကြားအတွင်းမောင်းဝင်မယ့် အမျိုးသမီး ၂ ဦးစီးဆိုင်ကယ်က ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ဆိုင်ကယ်က လမ်းကြားထဲဖြတ်ဝင်တာ ကားအောက်ဝင်သွားပြီး ကားနဲ့ချိတ်ပါသွားတာ။ ကတ္တရာလမ်းနဲ့ ပွတ်တိုက်တဲ့အရှိန်ကြောင့် ဆိုင်ကယ်ကောကားပါ မီးလောင်သွားတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်အနောက်ကနေ စီးနင်းလာတဲ့ တောစွန်းကျေးရွာနေသူ အသက် ၂၃ နှစ်အရွယ် ဂျမ်းတော(ခ)မနီလာခိုင် ဦးခေါင်းနဲ့ခြေလက်တွေမှာပွန်းပဲ့ဒဏ်ရာတွေရသွားတယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူကိုတော့ ဒေသခံတွေက ဝမ်းဘဲအင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရပြီး မီးလောင်မှုကြောင့် ဆိုင်ကယ်နဲ့ ၁၂ ဘီးကားဦးခေါင်းပိုင်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၂၇ ရက်ကလည်း ပြွန်တန်ဆာမြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ စက်သုံးဆီဘောက်ဆာ(ဆီသယ်ယာဉ်) တွဲကားတိမ်းမှောက်ပြီး မီးလောင်တာကြောင့် ယာဉ်မောင်းအမျိုးသား ၁ ဦး သေဆုံးခဲ့ပါသေးတယ် ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #မန္တလေးလမ်းဟောင်း #ယာဉ်တိုက်မှု #မီးလောင်ပျက်စီး #လူထိခိုက်မှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10