ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ရထားသံလမ်းနဲ့ တံတားတစင်း မိုင်းခွဲဖျက်ဆီးခံရ

ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ရထားသံလမ်းနဲ့ တံတားတစင်း မိုင်းခွဲဖျက်ဆီးခံရ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နဲ့ ညောင်ပင်သာကျေးရွာကြားရှိ ရန်ကုန်-မန္တလေးလမ်းပိုင်းက ရထားလမ်းနဲ့ တံတားတစင်း မိုင်းခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၁ ရက် မနက် ၂  နာရီကျော်မှာ ရန်ကုန်-မန္တလေးလမ်းဟာင်းပေါ်ရှိ အရှည်ပေ ၇၀ ခန့်နဲ့ အကျယ်ပေ ၆၀ ခန့်ရှိ ငနုသန်းတံတား မိုင်းခွဲခံရပြီးနောက် သိပ်မကြာခင်အချိန်မှာ ရန်ကုန်-မန္တလေးမီးရထားလမ်း မိုင်တိုင်အမှတ် ၁၂၅/၁ နဲ့ ၁၂၅/၄ ကြားရှိ ရထားသံလမ်း မိုင်းခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

"ကားလမ်းတံတားက အရင် မိုင်းခွဲခံရတယ်။ နောက်ထပ် တနာရီလောက်အကြာမှာ ရထားလမ်းမိုင်းခွဲခံရတာ။ တံတားနဲ့ ရထားလမ်းတော့ တော်တော်ပျက်စီးသွားတယ်။ ကုန်ရထားတစီးပါတွဲချော်သွားတာလို့ သိရသေးတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ငနုသန်းတံတားမိုင်းခွဲခံရလို့ တံတားတခြမ်း ပေ ၄၀ ခန့် ပြိုကျပျက်စီးသွားပြီး ကားများသွားလာလို့မရတော့ဘဲ ဆိုင်ကယ်နဲ့ စက်ဘီးလောက်သာသွားလာလို့ရတယ်လို့ သိရပါတယ်။

ရထားလမ်းမိုင်းခွဲခံရလို့ သံလမ်း ပေ ၃၀ ခန့်နဲ့ ဇလီဖားတုံး ၃၀ ကျော်ပျက်စီးသွားပြီး ရထားလမ်းပျက်တာကို မသိဘဲ မောင်းလာတဲ့ ကုန်တင်ရထား နောက်တွဲ ၄ တွဲ လမ်းချော်ခဲ့ပြီး လူထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။

ရထားလမ်းမိုင်းခွဲခံရလို့ အဆိုပါနေ့မှာ ရန်ကုန်-မန္တလေး ရထားလမ်းခရီးစဥ်အားလုံးဖျက်သိမ်းခဲ့ရပြီး မေ ၂ ရက် မနက်ပိုင်းထိ ရထားခရီးစဥ်တွေ ရပ်နားထားရကာ ရထားလမ်းပြင်ဆင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြိုကျပျက်စီးသွားတဲ့ ငနုသန်းတံတားပြင်ဆင်ခြင်းလုပ်ငန်းတွေလည်း ဆောင်ရွက်နေရတာကြောင့် ကားတွေသွားလာလို့ မရသေးဘဲ မိုင်းခွဲခံထားရတဲ့ တံတားအနီးကနေ လမ်းလွှဲပေးထားတယ်လို့ သိရပါတယ်။

အဲဒီလို တံတားနဲ့ ရထားလမ်းမိုင်းထောင်ဖာက်ခွဲခဲ့တာနဲ့ပတ်သက်ပြီး လုပ်ဆောင်သွားတဲ့အဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

၂၀၂၃ အောက်တိုဘာ ၂၄ ရက် မနက် ၁ နာရီခန့်က  ညောင်လေးပင်ခရိုင် ကျောက်တံခါး မြို့နယ် သူဌေးကုန်း ဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား ကံကလေးကျေးရွာအနီး မန္တလေး-ရန်ကုန်မီးရထားလမ်း မိုင်တိုင်အမှတ် ၁၀၃/၁၂နဲ့ ၁၀၃/၁၃ ကြားက ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး ရထားသံလမ်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - မိုင်းခွဲဖျက်ဆီးခံရသည့် ရန်ကုန်-မန္တလေးလမ်းပိုင်း ရထားသံလမ်းနှင့် တံတားတစင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဖြူးမြို့ #ကညွတ်ကွင်းမြို့ #ညောင်ပင်သာရွာ #ရန်ကုန်မန္တလေးလမ်းပိုင်း #ရထားလမ်း #မိုင်းခွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10