ရန်ဖြစ်စဉ် သေနတ်ကျည်ထွက်ကာ အရပ်သားတွေကိုထိခိုက်စေခဲ့တဲ့ ရဲဘော် ၂ ဦးကို စစ်ခုံရုံးဖွဲ့ပြီး ထိန်းသိမ်းစစ်ဆေးနေ

ရန်ဖြစ်စဉ် သေနတ်ကျည်ထွက်ကာ အရပ်သားတွေကိုထိခိုက်စေခဲ့တဲ့ ရဲဘော် ၂ ဦးကို စစ်ခုံရုံးဖွဲ့ပြီး ထိန်းသိမ်းစစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အိုးသည်ကုန်းရွာမှာ သေနတ်ကျည်ထွက်ကာ ပြည်သူ ၃ ဦးကို ဒဏ်ရာရရှိစေခဲ့တဲ့ ရဲဘော် ၂ ဦးကို ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သက်ဆိုင်ရာတပ်ရင်းတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

အောက်တိုဘာ ၁၈ ရက် ည ၈ နာရီခန့်က အိုးသည်ကုန်းရွာနေအိမ် ၁ လုံးမှာ  ရွှေဘိုခရိုင်တပ်ရင်း ၆ က ရဲဘော်တချို့နဲ့ ရွာသားတချို့ ဝိုင်းဖွဲ့သောက်ရင်းကနေ ရန်ဖြစ်ခဲ့ကြပြီး အဆိုပါအခြေအနေကိုထိန်းသိမ်းဖို့ ရဲဘော် ၁ ဦးက သေနတ်မိုးပေါ် ထောင်ဖောက်ဖို့ကြိုးစားချိန်တခြားရဲဘော် ၁ ဦးကဟန့်တားရာက ကျည်ထွက်ပြီး ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

“ ရန်ဖြစ်နေတဲ့ ရဲဘော်ကချက်ချင်း "အဲ့လိုမလုပ်နဲ့ဟေ့ ဒါသေနတ်မလုပ်ရဘူး" ဆိုပြီးတော့ သေနတ်ကို သွားပြီးတော့ အုပ်ချလိုက်တာပေါ့၊ ဟိုက ခလုတ်မောင်းက ဆွဲလက်စနဲ့တခါတည်းခိုက်မိပြီးတော့ (ခြေထောက်)အောက်ပိုင်းတွေကို သွားထိတာ။”လို့ ရွှေဘိုခရိုင်တပ်ရင်း ၆ နဲ့ နီးစပ်သူ ၁ ဦးကမြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ရန်ပွဲမှာဝင်ရောက်ဖျန်ဖြေပေးသူ အသက် ၂၀ ကျော် အိုးသည်ကုန်းရွာသား ၃ ဦး ခြေသလုံး သေနတ်ကျည်ထိမှန်ဒဏ်ရာတွေရခဲ့ကာ အဲ့ဒီထဲက သွေးကြောပြတ်ဒဏ်ရာရသူ ၁ ဦးကတော့ စိုးရိမ်ရတဲ့အနေထားမှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။

“ ကျည်ခွံ ၆ ခုရတယ်၊ ထိတာကတော့ ခြေ‌ထောက်တွေချည်းပဲ၊ ၁ ယောက်က အရိုးကြေသွားတယ်၊ နောက် ၁ ယောက်က သွေးကြောပြတ်သွားတယ်၊ နောက် ၁ ယောက်က ထုတ်ချင်းပေါက်သွားတယ်။”လို့ တန့်ဆည်ဒေသခံ ၁ ဦးက ပြောပါတယ်။

လက်ရှိ သေနတ်ကျည်ထွက်စေမှုမှာ ပါဝင်တဲ့ ရဲဘော် ၂ ဦးကို မိခင်တပ်ရင်းက အချုပ်ထောင်ထဲမှာ ထိန်းသိမ်းထားပြီး စစ်ခုံရုံးဖွဲ့စစ်ဆေးမှုတွေ လုပ်ဆောင်နေကာ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

တပ်ရင်းတာဝန်ရှိသူတွေအနေနဲ့လည်း ဒဏ်ရာရသူတွေရဲ့မိသားစုနဲ့တွေ့ဆုံတာတွေ လုပ်ဆောင်နေတယ်လို့ တပ်ရင်းနဲ့နီးစပ်သူဆီက သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#စစ်ကိုင်း #တန့်ဆည် #အရပ်သား #ထိခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10