သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်တပ်အနေဖြင့် အာဏာသိမ်းပြီးနောက် ၎င်းတို့ပိုင် ဝါဒဖြန့်မီဒီယာများတွင် နေ့စဉ်မပြတ်ထည့်သွင်း ကြေညာနေသော လမ်းပြမြေပုံ ၅ ချက်တွင် အဓိကအချက် ၂ ချက် ပါဝင်သည်။
ယင်းမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန်နှင့် တိုင်းပြည်ကို ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြစ်အောင် ကြိုးပမ်းမည်ဟူသော အချက်တို့ဖြစ်သည်။
စစ်တပ်သည် အာဏာသိမ်းမှုတွင် ၎င်း၏အကြောင်းပြချက်မှာ NLD ပါတီ မဲမသမာမှု ပြုသည်ဟူသော အချက်ကို ဦးတည်ထားသော်လည်း စင်စစ် ထိုထက်မက အကြောင်းများစွာရှိသည်။
၂၀၁၀ မှ ၂၀၂၀ အတွင်း စစ်အာဏာရှင်တို့ ဖန်တီးခဲ့သော ၂၀၀၈ အခြေခံဥပဒေသည် အာဏာရှင်တို့ သက်ဆိုးရှည်စေရန် ရေးဆွဲထားသည့် အတုအယောင် ဒီမိုကရေစီ အမည်ခံ အစိုးရများကိုသာ ပေါ်ထွက်စေခဲ့သည်။
သို့သော် အထိုက်အလျောက်အားဖြင့် နိုင်ငံရေးလှုပ်ရှားမှုများ၊ မီဒီယာလွတ်လပ်ခွင့်များအား ပြည့်ဝသောအနှစ်သာရမရှိဘဲ ခွင့်ပြုပေးခဲ့ခြင်းနှင့်အတူ စစ်တပ်နှင့် လက်ဝေခံ ကြံ့ခိုင်ရေးပါတီတို့၏ ပြည်သူ့ထံမှ ခိုးယူထားသော ဘဏ္ဍာ၊ မြေယာ၊ စည်းစိမ်များသည် မီဒီယာများကြောင့် အဆိုပါ ၁၀ နှစ်ကာလအတွင်း ကွာကျလာခဲ့သည်။
ယင်းအချက်အပါအဝင် စစ်တပ်သည် အဆိုပါ ရုပ်ပြအတုအယောင် ဒီမိုကရေစီစနစ်၌ပင်လျှင် အချိန်ကာလ ကြာလာသည်နှင့်အမျှ ရာထူးအာဏာကို အသုံးချကာ ကိုယ်ကျိုးရှာဖွေရန် ခက်ခဲလာမှု၊ ကိုယ်ကျိုးရှာဖွေထားရှိပြီး စည်းစိမ်များအား ထိပါးလာမှု၊ လူမျိုးစုများအား လူမျိုးတုန်းသတ်ဖြတ်မှု၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် စစ်တပ်အခန်းကဏ္ဍကို လျှော့ချရန် ကြိုးစားလာမှုနှင့် ကြံ့ခိုင်ရေး၊ စစ်တပ်ခေါင်းဆောင်များ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် မနာလို အငုံ့စိတ်ရှိမှုများသည်လည်း အာဏာသိမ်းရန် စဉ်းစားမှုများတွင် ပါဝင်နေသည်။
နိုင်ငံရေးသုံးသပ်သူများထဲမှ တချို့ကလည်း NLD လက်ထက်တွင် စစ်ခေါင်းဆောင်ကို အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီဟုခေါ်သော "ကာလုံ" အစည်းအဝေးမခေါ်ယူခဲ့ခြင်း၊ မင်းအောင်လှိုင်ကို အစိုးရအသစ်က တပ်ချုပ်အဖြစ် ရာထူးထပ်မံအပ်နှင်းတာဝန်ပေးခြင်း၊ မပြုခဲ့ခြင်းတို့ကြောင့် မင်းအောင်လှိုင်အနေဖြင့် စိတ်ခုရသည်ဟု ဆိုကြသေးသည်။
စင်စစ်မှာမူ စစ်တပ်၏ အာဏာသိမ်းပြီးနောက် လုပ်ဆောင်ပုံများကိုကြည့်ပါက အာဏာသိမ်းရန် ကြိုးပမ်းခဲ့မှုမှာ အနည်းဆုံး ၂ နှစ်ခန့်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့သည်။
လက်ရှိအခြေအနေတွင် စစ်တပ်သည် ယခုလိုစစ်ရှုံးမည်ဟု မထင်ခဲ့သော်လည်း ၎င်းအတွက် မှုစရာမဟုတ်ပေ။
စစ်ပွဲဖြင့်အချိန်ဆွဲပြီး နိုင်ငံတကာ အကူအညီဖြင့် နိုင်ငံရေးအရသာ ရုန်းထွက်ရန်ကိုသာ မင်းအောင်လှိုင် အနေဖြင့် အဓိကထားစဉ်းစားသည်။
ဈေးဆစ်ခဲ့ကြသည့် တော်လှန်ရေး
အာဏာရှင်တို့မည်သည် မိမိတို့ကျူးလွန်ခဲ့သော ရာဇဝတ်မှုတို့ အတွက် နောက်ဆံတင်းကာ စိတ်မချဖြစ်ရသည်မှာ သဘာဝ ဖြစ်သည်။
လွတ်လပ်ရေးရချိန်နောက်ပိုင်း ပြည်တွင်းတော်လှန်မှုများစတင်ခဲ့ချိန်တွင် လူမျိုးစုလက်နက်ကိုင်တို့သည် တန်းတူရေး၊ လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းနိုင်ရေးတို့အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။
ခေတ်ကာလနှင့်အညီ အာဏာရှင်တို့သည် ပုံစံအမျိုးမျိုးပြောင်းလဲခဲ့သလို တော်လှန်ရေးများသည်လည်း သဏ္ဍာန်အမျိုးမျိုးဖြင့် ထကြွတော်လှန်ခဲ့ကြသည်။ တံခါးပိတ်ဝါဒကျင့်သုံးသော နိုင်ငံအတွက် သတင်းအချက်အလက်နှင့် နည်းပညာ မဖွံ့ဖြိုးမှုဒဏ်ကို နိုင်ငံရေးသမား၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် ပြည်သူတရပ်လုံး ခံစားခဲ့ရသည်။
ထို့ကြောင့် သတင်းအမှောင်ချမှုဖြင့် ပြည်သူတို့သည် တော်လှန်ရေးများအား မျိုးဆက်အဖြတ်ခံရသည်၊ သမိုင်းအဖြတ်ခံရသည်။
လူမျိုးစုများအကြား၊ တော်လှန်ရေးအဖွဲ့အစည်းများကြား သွေးခွဲခြင်း၊ စီးပွားရေးလုပ်ပိုင်ခွင့်များဖြင့် အပေးအယူလုပ်ကာ တော်လှန်ရေးကို ဖျက်ဆီးနိုင်ခဲ့ကြသည်။
လူဦးရေသိန်းကျော် သေဆုံးခဲ့ရသည့် နာဂစ်မုန်တိုင်း တိုက်ခတ်သည့်နှစ်တွင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၂၀၀၈ အခြေခံဥပဒေကို စတင်မိတ်ဆက်ခဲ့ကာ အရှင်ထွက်ရန် လမ်းကြောင်းပျိုးခဲ့သည်။
၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကို ကျင်းပပြီး လက်ဝေခံ စစ်ယူနီဖောင်းချွတ် ကြံ့ခိုင်ရေးပါတီကို အနိုင်ပေးကာ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန်ကြိုးစားသည်ဟု အသံလွှင့်မှုအပေါ် နိုင်ငံတကာအဖွဲ့ အစည်းများကလည်း ကြိုဆိုကြသည်။
နိုင်ငံရေးသမားများသည် ဘဝသက်တမ်းတလျှောက် ထောင်နှင့်တန်းမလွတ်ဘဲ အသက်သာကြီးရင့်လာပြီး နိုင်ငံရေးအာဏာဖြင့် မအုပ်ချုပ်ရသေးသဖြင့် ပြည်သူကို ကြွေးကြော်ထားသည့် မူဝါဒ၊ ရပ်တည်ချက်များကို ပြုပြင်ကာ စစ်အာဏာရှင်ခင်းပေးသော ၂၀၀၈ အောက်တွင် နိုင်ငံရေးလုပ်ရန် ဝင်လာကြသည်။
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနောက်ပိုင်းတွင် အင်အားကြီးနိုင်ငံရေးပါတီများ ပိုမိုပါဝင်လာကာ စစ်အာဏာရှင်တို့အတွက် ပြုံးနေမည်မှာ မလွဲပင်။
၁၀ နှစ်တာ နိုင်ငံရေး
၂၀၀၈ အခြေခံဥပဒေဆိုသည်မှာ အများသိရှိထားသည့်အတိုင်း နိုင်ငံရေးနှင့် လားလားမျှမသက်ဆိုင် သည့် စစ်တပ်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားပြီး အစိုးရတွင်လည်း ပါဝါကြီးသော ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများတွင်လည်း ဝန်ကြီးများကို ယူနီဖောင်း မချွတ်ဘဲ တပ်ချုပ်က တိုက်ရိုက်ခန့်ထားနိုင်သည့် စနစ်ဖြစ်သည်။
ဤအထဲတွင် အခြားသော အစိုးရဌာနဆိုင်ရာများတွင် စစ်တပ်မှပြောင်းရွှေ့လာသော ယူနီဖောင်းချွတ် မိုးကျရွှေကိုယ်အရာရှိများ မပါသေး။
ကြံ့ခိုင်ရေးလက်ထက်တွင် မီဒီယာလွတ်လပ်ခွင့်အနေဖြင့် စာပေစိစစ်(ဆင်ဆာ)ကို ဖြုတ်ချပေးခဲ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းများကို တကျော့ပြန်စစ်ပွဲများနှင့်အတူ လုပ်ဆောင်ခဲ့ပြီး လူမျိုးစုလက်နက်ကိုင် အဖွဲ့များသည် ငြိမ်းချမ်းရေးလမ်းသို့ ပါဝင်ရန်ဆန္ဒရှိခဲ့သလို အပစ်ရပ်၊ ငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့သည့် အဖွဲ့များလည်း ရှိခဲ့သည်။
၂၀၀၈ ပေးထားချက်အောက်တွင် လွှတ်တော်၊ ပြင်ပနိုင်ငံရေးများအား အတိုင်းအတာတစ်ခုဖြင့် လုပ်ဆောင်ခဲ့ကြသော်လည်း စစ်အာဏာရှင်သည် စင်ပေါ်တွင်သာ ဖြစ်မြဲကိစ္စကို နိုင်ငံရေးသမားများ အနေဖြင့် ပြည်သူကို ညာခဲ့ကြသည်။
စင်စစ် ၂၀၀၈ အောက်တွင် ၂၀၀၈ ခြေဥကို ပြင်ဆင်မည်ဟူသော နိုင်ငံရေးဟစ်လုံးသည် အခြေအမြစ်မရှိသည့် လိမ်ညာမှုသာ ဖြစ်သည်။
ပြည်မတွင် ဖွံ့ဖြိုးတိုးတက်ဟန်ပြသော်လည်း လူမျိုးစုတော်လှန်ရေးဒေသများတွင် စစ်မီးမငြိမ်းခဲ့သလို အာဏာရခဲ့သည့် NLD ကိုယ်တိုင်ပင် စစ်တပ်အား အလိုတူ၊ အလိုပါ တော်လှန်ရေးအဖွဲ့များအား ချေမှုန်းရန် ထောက်ခံအားပေးခဲ့သည်။
ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် စစ်တပ်နှင့်အစိုးရသည် လူမျိုးစုတို့၏ သမိုင်းအခြေခံသော တော်လှန်ရေး သဘောသဘာဝများအား နားထောင်လက်ခံနိုင်ရန် အခွင့်အရေးမပေးဘဲ အပေါ်စီးက ဆက်ဆံကာ လက်နက်ချရန်သာ ပြောဆိုခဲ့သည်။
လေသံတူလာသော နွေဦးတော်လှန်ရေးကာလ
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်သည် တကျော့ပြန် အာဏာသိမ်းခဲ့သည်။
အမှန်တကယ်မှာမူ အာဏာမသိမ်းခင်ကတည်းက အာဏာသည် စစ်တပ်လက်တွင်သာ ရှိခဲ့သည် မဟုတ်ပါလော။
နွေဦးတော်လှန်ရေးသည် မပြီးဆုံးသေးသည့် တော်လှန်ရေး၏ နောက်ဆက်တွဲတစ်ခုအနေဖြင့်တောင် ဆိုရန်ခက်သည်။
အဘယ်ကြောင့်ဆိုသော် ၂၀၂၁ နွေဦးတော်လှန်ရေးသည် စစ်အာဏာသိမ်းမှုအား မကျေနပ်သဖြင့် တော်လှန်မှု သက်သက်သာဖြစ်နေခြင်းကြောင့် ဖြစ်သည်။
ပကတိ ရှိမြဲတော်လှန်ရေးသည် လွတ်မြောက်ရေးနှင့် တန်းတူပြဌာန်းနိုင်သော စနစ်တစ်ခုသို့ ရောက်ရှိရန် ဖြစ်သည်။
စစ်တပ်သည် မဲမသမာမှုကြောင့် အာဏာသိမ်းရသည်ဟု ကြေညာသည်။
၂၀၂၁ တော်လှန်သူအများစုသည် ၂၀၂၀ ရွေးကောက်ပွဲနိုင် ပါတီကို ယခုလိုစစ်တပ်ကစွပ်စွဲ၍ အာဏာသိမ်းသဖြင့် တော်လှန်ရသည်ဟူသော အယူအဆသည် စစ်တပ်ကထည့်သည့် ဂျင်းကို မိသည်ဟု ဆိုနိုင်သည်။
သို့သော် ထိုအချက်ဖြင့် ၂၀၂၀ မဲအနိုင်ရ NLD ပါတီမှ လွတ်မြောက်သွားသော အုပ်စုသည် CRPH အဖွဲ့ကို ဖွဲ့ကာ အစိုးရဦးအောင်ဖွဲ့ပြီး တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ဦးဆောင်မည့် တော်လှန်ရေး အစိုးရအဖြစ် ပုံသွင်းခဲ့သည်ကို ပြည်သူတို့ ဝေဝါးနေကြသည်။
စင်စစ် စစ်အာဏာရှင်သည် ၂၀၂၁ အာဏာမသိမ်းခဲ့လျှင်လည်း ကြိုက်သည့်အချိန်တွင် သိမ်းချင်သိမ်း နိုင်သည်။
၂၀၂၁ စစ်အာဏာသိမ်းချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ၎င်းတို့၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း စစ်အာဏာသိမ်းမှုအား လက်မခံကြောင်းနှင့် မထိရောက်သည့် ပိတ်ဆို့မှုများကိုသာ ပြည်သူဘက်က ရပ်တည်သယောင်ပြခြင်းတွင်လည်း ပြည်သူတို့ ထပ်မံဝေဝါးရပြန်သည်။
မြန်မာ့အရေးသည် ဒေသတွင်းကိစ္စဖြစ်သဖြင့် အာဆီယံလက်သို့ အပ်သည်ဟုဆိုကြသည်။
စစ်တပ်သတ်ဖြတ်မှုကြောင့် ရုပ်ပျက်ဆင်းပျက် ပြည်သူ၊ လူသားများအားလျစ်လျူပြီး စစ်တပ်အား ထောက်ခံလိုသည့် အာဆီယံနိုင်ငံများနှင့်အတူ နိုင်ငံတကာက ဖြေရှင်းခိုင်းပြန်သည်။
ပြည်သူများအသတ်ခံရချိန်တွင် နှာစေးနေသည့် ပြည်တွင်းရှိ နိုင်ငံရေးသမားများကလည်း တိုင်းပြည်ကျရှုံးနေသဖြင့် မင်းအောင်လှိုင်နှင့်စားပွဲဝိုင်းထိုင်ရန် ညာသံပေးကြသည်။
မင်းအောင်လှိုင်ဘက်ကလည်း စားပွဲထိုင်ရန် စကားစပေးသည်။
အာဆီယံမူများထဲမှ အကြမ်းဖက်မှု၊ ထိတွေ့မှုလျှော့ချရေး၊ စားပွဲဝိုင်းထိုင်ရေးတို့ကို တော်လှန်ရေး အဖွဲ့အစည်းများပါ ထည့်သွင်းပြောကြားလာကြသည်။
ကုလသမဂ္ဂကလည်း တစ်ဘက်ဘက်ကို အပြီးတိုင် ပျက်သုဉ်းရေးလမ်းစဉ်မှာ မအောင်မြင်နိုင်ဟု အသံလွှင့်သည်။
စစ်အာဏာရှင်သည် ဒေါ်အောင်ဆန်းစုကြည်အား ဓါးစာခံအဖြစ် ဖမ်းဆီးထားပြီး ၂၀၂၅ ရွေးကောက်ပွဲအပြီး ထုတ်ကစားရမည့်သူတစ်ဦးအဖြစ်ထားရှိသည်။
ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် ကုသမဂ္ဂနှင့် အမေရိကန်သံအမတ်ကြီးဖြစ်ဖူးသူ ယခု အာဏာသိမ်းစစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်သန်းဆွေအား လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ ကမ္ဘာပတ်ခိုင်းထားပြီး ဖြစ်သည်။
ပထဝီနိုင်ငံရေးတွင် အရေးပါလွန်းလှသည်ဟူသော တရုတ်၏ မြန်မာအပေါ် စွက်ဖက်ပါဝင်မှုများသည် သိသိသာသာမြင့်တက်လာပြီး စစ်တပ်သာမက တော်လှန်ရေးအဖွဲ့အစည်းများကိုပါ ဖိအားပေးမှုများရှိနေသည်မှာ ငြင်းရန်မဖြစ်နိုင်ပါ။
၁၀၂၇ စစ်ဆင်ရေးများ ရပ်တန့်ခဲ့သလို တရုတ်နယ်စပ်များတွင်လည်း ပိတ်ဆို့ထားကာ ကိုးကန့်ခေါင်းဆောင်ကိုလည်း တရုတ်က ဖမ်းဆီးထားသည်။
လေသံတူကြပြီးနောက် ၂၀၂၅ ရွေးကောက်ပွဲသည် နိုင်ငံတကာထောက်ခံမှု၊ တရုတ်အားပေးမှုတို့ဖြင့် အကောင်အထည်ပေါ်လာမည်မှာ ရာခိုင်နှုန်းပိုလာတော့မည်။
ပြင်းထန်မှုများဖြစ်လာမည့် ၂၀၂၅ ရွေးကောက်ပွဲကာလတွင် တရုတ်အကျိုးစီးပွားများအတွက် အရေးပါသည့် အညာဒေသများအပါအဝင် တခြားဒေသများတွင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေး အဖွဲ့အစည်းများသည် မည်သို့မည်ပုံ တရုတ်ကို အာမခံကြမည်နည်း။
NUG အောက်တွင် ရှိသယောင်ယောင်ပြထားသည့် ၂၀၁၅ အစိုးရ၏ တစ်ဦးတည်းသော ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းသည်လည်း ၂၀၂၅ ရွေးကောက်ပွဲအပြီးတွင် ဆက်လက်တည်ရှိ နေဦးမည်လော။
တရားဝင်မှုသည် ပြည်သူပေါ်တွင် သီအိုရီအရ အခြေခံခြင်းမှာ မှန်ကန်ပါလော။
ရပ်ကျေးမှ ဝန်ကြီးထိ NLD ပါတီခေါင်းဆောင်များဖြင့် တည်ဆောက်ထားသော NUG/CRPH အဖွဲ့များသည် တရားဝင်သည်ဆိုပါက မည်သည့်အချက်များဖြင့် တရားဝင်သနည်း။
လူမျိုးစုအားလုံးလက်ခံယုံကြည်ပြီး ပါဝင်နိုင်သည့် ကြားကာလအစိုးရဆိုသည်မှာ NUG ကို ဆိုလိုခြင်းလော။
စစ်အာဏာသိမ်းမှုကို မကျေနပ်၍ တော်လှန်ကြသည်ဆိုပါက မင်းအောင်လှိုင်သည် အာဏာပြန် ပေးပါက အဆင်ပြေနိုင်မည်လော။
အာဏာသိမ်းကာလ အကျဉ်းချခံထားရသော ဘာမျှမသိသည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပါက လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုများအား သဘောမတူကြောင်း ပြောကြားလာခဲ့လျှင် မည်သူတို့ စကားကို နားထောင်ကြပြီး မည်သူတို့က ဆက်လက်တိုက်ပွဲဝင်ကြမည်နည်း။
တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသော ရဲဘော်တို့အတွက် သစ္စာတရား၊ သေဆုံး၊ ပျက်စီးသွားသော ပြည်သူတို့ဘဝများအတွက် အမှန်တရားနှင့် နိုင်ငံရေးအဖွဲ့အစည်း၊ တော်လှန်ရေးအဖွဲ့အစည်းများ၏ ပန်းတိုင်သည် မည်သည့်အရာများဖြစ်ပြီး တာဝန်ခံခြင်းတို့မှာလည်း မည်သည်တို့ဖြစ်သနည်း။
စစ်တပ်တို့ အကြိမ်ကြိမ်ထပ်မံ အာဏာမသိမ်းစေရန်နှင့် နိုင်ငံရေးအခန်းကဏ္ဍမှ အပြီးတိုင်ထွက်ပြီး ကျူးလွန်ထားသည့် ရာဇဝတ်မှုများ၊ ခိုးယူထားသော ပြည်သူ့ဘဏ္ဍာများကို တရားမျှတစွာအရေး ယူနိုင်ရန် မည်သူတို့တာဝန်ခံမည်နည်း။
စကားဝိုင်းဆွေးနွေးပွဲများအသံလွှင့်ခြင်းသည် အချိန်ကြာမြင့်စေရန်၊ အချင်းချင်းသွေးကွဲစေရန်နှင့် ပြည်သူဝေဝါးစေရန်များဖြစ်လာမည့် တော်လှန်ရေးပျက်စီးရာ ပျက်စီးကြောင်းသာဖြစ်ပြီး လက်တွေ့ တွင် အခြေအမြစ်မရှိပေ။
လက်နက်ကိုင်ကာ ရမ်းကားချင်တိုင်း ရမ်းကားခွင့်ရှိသည့် စရိုက်ဆိုး စစ်အာဏာရှင်စနစ် အမြစ် မပြတ်မချင်း အာဏာသိမ်းမှုများအပါအဝင် အကြမ်းဖက်၊ ဖိနှိပ်မှုများ၊ စစ်ပွဲများသည် ရှိနေဦးမည် သာဖြစ်သည်။
စင်စစ် တိုင်းပြည်လွတ်မြောက်ရေးသည် လက်နက်ကိုင်ထားသော နိုင်ငံရေးအဖွဲ့အစည်းများ၏ ရိုးမှန်၊ ဖြောင့်မတ်ခြင်းနှင့် ပြည်သူနှင့်တိုင်းပြည်အပေါ် အမှန်တကယ်လွတ်မြောက်စေလိုသည့် စိတ်ဓါတ်တို့အပေါ် အခြေခံပါလိမ့်မည်။
တော်လှန်ရေးသည် အသက်၊ ဘဝများဖြင့် စတေးနေကြချိန်တွင် နိုင်ငံရေးအကျင့်ဆိုးများဖြင့် အာဏာ၊ နေရာရူးရန် နေရာတခုမဟုတ်ပါကြောင်း ...။
ရေးသားသူ - Red Alert
#မြေလတ်အသံ
#ဆောင်းပါး #အတွေးအမြင် #ရွေးကောက်ပွဲ
Share Share Share