ရပခတိုင်းမှူး ဗိုလ်ချုပ် လှမိုးနဲ့ တပ်မ ၅၅၊ ၆၆ တပ်မမှူးတွေကိုဖြုတ်ချပြီး အရံအင်အားပို့၊ ရေချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ ကကလုံညွှန်မှူး ဗိုလ်ချုပ် ထင်ကျော်သူကို စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာနတွေမှာ ခန့်အပ်

ရပခတိုင်းမှူး ဗိုလ်ချုပ် လှမိုးနဲ့ တပ်မ ၅၅၊ ၆၆ တပ်မမှူးတွေကိုဖြုတ်ချပြီး အရံအင်အားပို့၊ ရေချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ ကကလုံညွှန်မှူး ဗိုလ်ချုပ် ထင်ကျော်သူကို စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာနတွေမှာ ခန့်အပ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရေတပ်ချုပ်၊ ရပခတိုင်းမှူး၊ တပ်မ ၅၅ နဲ့ ၆၆ တပ်မမှူး စတဲ့ အရာရှိကြီးနေရာတွေနဲ့ စစ်ကောင်စီရုံးဝန်ကြီးနေရာတွေ အပြောင်းအလဲလုပ်ဆောင်ပြီး စစ်ဗိုလ်ချုပ်တချို့ကိုလည်း အရံအင်အားကို ပို့ဆောင်လိုက်တယ်လို့ တပ်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ တိုင်းမှူး ဗိုလ်ချုပ် လှမိုး အရံအင်အားကိုပို့ဆောင်ခံရပြီး ၎င်းရဲ့နေရာကို နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် နကတ ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဇော်မင်းလတ်နဲ့ အစားထိုးလိုက်ပါတယ်။

ဗိုလ်ချုပ် ဇော်မင်းလတ် ဟာ စစ်အာဏာသိမ်းစချိန်ကစလို့  ပြင်ဦးလွင်၊ စစ်တက္ကသိုလ်(DSA) ကျောင်းအုပ်ကြီး တာဝန်ယူခဲ့တာဖြစ်ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းမှာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့သွားခဲ့ကာ လက်ရှိ ရပခတိုင်းမှူးဖြစ်လာတဲ့ DSA အပတ်စဉ် ၃၇ ဆင်း စစ်ဗိုလ်ချုပ်ပါ။

ပဲခူးတိုင်းအနောက်ခြမ်း၊ အင်းမမြို့အခြေစိုက်ပြီး ကရင်နီပြည်နယ်အတွင်း တိုက်ခိုက်ရေးဝင်ရောက်နေရတဲ့ တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းကိုလည်း အနားပေးပြီး ဘားအံမြို့အခြေစိုက် တပ်မ ၂၂ ဒုတိယ တပ်မမှူး DSA ၄၁ ဆင်း ဗိုလ်မှူးကြီး ကျော်စိုးလင်းနဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။

တပ်မ ၆၆ နဲ့ လက်အောက်ခံတပ်တွေဟာ ကရင်နီပြည်နယ်အတွင်း တပ်ဖွဲ့စည်းပုံပျက်တဲ့အထိ ထိခိုက်၊ သေဆုံး ပြုန်းတီးမှုများပြားနေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ လွိုင်ကော်တက္ကသိုလ်ထဲ တပ်စွဲထားတဲ့ လက်အောက်ခံ ခမရ ၆ က တပ်ရင်းလိုက် လက်နက်ချတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပါတယ်။

တပ်မ ၆၆ ကို အသစ်ရောက်ရှိလာတဲ့ ဗိုလ်မှူးကြီး ကျော်စိုးလင်းဟာ ရန်ကုန်မြို့ဇာတိဖြစ်ပြီး ဒကစ (လောက်ကိုင်)အပါအဝင် ရှမ်းမြောက်ဒေသတွေမှာတာဝန်ထမ်းဆောင်ဖူးကာ ကရင်နီဒေသဘက်ကို စစ်ဆင်ရေးတာဝန်မရောက်ဖူးသူလို့ သူနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ရှမ်းမြောက်ဒေသတိုက်ပွဲတွေထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရတဲ့ တပ်မ ၅၅ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းရဲ့ နေရာကို အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၈) ဒုစကခမှူး ဗိုလ်မှူးကြီး အောင်စိုးမင်းနဲ့ အစားထိုးလိုက်ပါတယ်။

ဖြုတ်ချခံခဲ့ရတဲ့ တပ်မမှူး ဗိုလ်မှူးချုပ် ၂ ဦးဟာ အရံအင်အားကို ရောက်ရှိတယ်လို့သာ သိရသေးပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

တခါ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ လုံခြုံရေးနှင့်သက်ဆိုင်သောပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး(ကကလုံ) ညွှန်ကြားရေးမှူး ဗိုလ်သင်တန်း အပတ်စဉ် ၆၄ ဆင်း ဗိုလ်ချုပ် ထင်ကျော်သူ ကို စစ်ဘက်တာဝန်မှအနားပေးခဲ့ကာ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဦးထင်ကျော်သူ လို့ ဖော်ပြလာပြီး စစ်ကောင်စီဥက္ကဌရုံး၊ ဝန်ကြီးဌာန ၂၊ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

သူ့ရဲ့ ကကလုံညွှန်မှူးနေရာကိုတော့ လက်ရှိဒုညွှန်မှူး ဗိုလ်မှူးကြီး ဝင်းဇော် က ညွှန်မှူးအဖြစ်ရောက်ရှိ လာတာပါ။

ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် ကိုလည်း စစ်ဘက်တာဝန်မှအနားပေးပြီး စစ်ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နဲ့ အစားထိုးခန့်အပ်ခဲ့ကာ ဗိုလ်ချုပ်ကြီး မိုးအောင် ကို စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာန ၄ ဝန်ကြီးအဖြစ်ခန့်အပ်တယ်လို့ ထုတ်ပြန်ပါတယ်။

#မြေလတ်အသံ

#တိုင်းမှူး #တပ်မမှူး #ဖြုတ်ချခံရ #အစားထိုးခန့်အပ် #အရံအင်အား #တပ်မ၆၆ #တပ်မ၅၅ #ရပခ #ကကလုံ #ကကရေ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10