ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ဆန္ဒပြတာဟာ NUGကို ဆန့်ကျင်တာဆိုပြီး ချောင်းဦးပအဖ ခြိမ်းခြောက်

ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ဆန္ဒပြတာဟာ NUGကို ဆန့်ကျင်တာဆိုပြီး ချောင်းဦးပအဖ ခြိမ်းခြောက်

 
 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဖြစ်တဲ့ ပအဖ၊ ပကဖ၊ ပလဖတွေရဲ့လုပ်ဆောင်ချက်တွေကို မကြိုက်တဲ့အတွက် ပြည်သူ့ဆန္ဒနဲ့အညီပြန် လည်ဖွဲ့စည်းပေးဖို့ ဆန္ဒပြခဲ့ကြပေမယ့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူဖိအားပေးတာ ခံခဲ့ရတယ်လို့ သိရပါတယ်။
 
ဧပြီလ ၁၇ ရက် ညနေပိုင်းက ရွာအတွင်းမှာပဲ ပကဖ၊ ပအဖ၊ ပလဖ အလိုမရှိကြောင်းနဲ့ အသစ်ပြန်ဖွဲ့စည်းပေးဖို့ဆန္ဒပြခဲ့ကြပြီး ၁၈ ရက်နေ့ မနက်ပိုင်းမှာ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ဆန္ဒပြဦးဆောင်သူတွေ တွေ့ဆုံခဲ့ကြပြီး အသစ်ပြန်ဖွဲ့စည်းပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ နောက်ထပ်ဆန္ဒမပြဖို့ ခံဝန်ကတိထိုးခဲ့ရတယ်လို့ ဆိုပါတယ်။
 
ဧပြီ ၁၈ ရက်ညနေပိုင်းမှာတော့ မြို့နယ်ပအဖတာဝန်ခံရောက်ရှိလာပြီး ဆန္ဒပြဦးဆောင်သူ ၁၀ ဦးကို သူနဲ့လာရောက်တွေ့ဆုံဖို့ ဖိအားပေးခေါ်ယူကာ လာမတွေ့ရင်တအိမ်တက်တအိမ်ဆင်း လိုက်လံဖမ်းဆီးမယ်ဆိုပြီး ချိန်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။
 
“ရုံးကိုရောက်တော့ ငြိမ်းစုစီဥပဒေအရ ဆန္ဒပြရင်ဖောင်ကြိုတင်ရတယ်၊ မတင်တဲ့အတွက် ထောင် ၃ လ ချလို့ရတယ်လို့ ခြိမ်းခြောက်တယ်။ကျနော်တို့ အော်တဲ့ဆောင်ပုဒ်တွေက NUGကိုဆန္ဒပြတာဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့စွပ်စွဲတယ်။ ဘယ်သူက ခိုင်းစေလို့လဲဆိုပြီး ချိန်းခြောက်မေးတာခံရတယ်” လို့ ကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။
 
ဒါ့အပြင် ဧပြီလ ၁၉ ရက်နေ့မှာ ထပ်မံစစ်ဆေးစရာရှိလို့ဆိုပြီး မြို့နယ်ပအဖရုံးကို ထပ်မံခေါ်ဆောင်လို့ သွားခဲ့ကြပေမယ့် ကျေးရွာအုပ်ချုပ်ရေးပိုင်း၊ကာကွယ်ရေးပိုင်းလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးမေးမြန်းမှုတစုံတရာမလုပ်ခဲ့ဘဲ NUG ကို တော်လှန်သူတွေဟာ ပုန်ကန်သူတွေဖြစ်တယ်‌ဆိုတာသာ ၁၀ မိနစ်ခန့်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
 
“ကျနော်တို့သွားတော့ ကြိုတင်စီစဉ်ထားတဲ့ပုံစံနဲ့ လူအုပ်ကြီးရှိနေပြီး ဟွန်းအတိုတွေ၊ စာရွက်တွေကို ဝေထားတယ်။ မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံက ၈၈ တုန်းကဟာတွေပြောသွားပြီး၊ NUGကို တော်လှန်တဲ့သူတွေဟာ ပုန်ကန်သူတွေ၊ ခုဆန္ဒပြတဲ့လူတွေဟာ ဒလန်ဆိုတဲ့သဘောမျိုးထိ သက်ရောက်အောင် ပြောသွားတယ်။ ကျနော်တို့မှာ စိတ်မကောင်းလည်းဖြစ်ရတယ်၊ တကယ်ဆိုသူတို့မေးရမှာက ဘာလို အပ်ချက်ရှိလို့ ဘယ်လိုပြုပြင်ပေးရမှာလဲ မေးရမှာ။ ခုက NUG အစိုးရတခုနဲ့ ချိန်းခြောက်ကိုင်ပေါက်သွားတယ်လို့ ခံစားရတယ်”လို့ ပြောပါတယ်။
 
ဆန္ဒပြမှုလုပ်ဆောင်ခဲ့တဲ့ ကျေးရွာရဲ့အမည်ကိုတော့ အဲ့ဒီရွာတော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံပြည်သူတွေရဲ့လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။
 
အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးဝင်းသန့်နိုင် ကို မြေလတ်အသံက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။
 
ကျေးရွာပြည်သူတွေကတော့ NUG ကိုတော်လှန်တာမဟုတ်ဘဲ ရပ်၊ကျေးတာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းကို ပြည်သူ့ဆန္ဒနဲ့အညီ ပြန်ဖွဲ့စည်းပေးဖို့ ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တယ်လို့ ဆိုပါတယ်။
 
“ကျေးရွာအဆင့်လိုက်ကတာဝန်ခံပုဂ္ဂိုလ်တွေဟာ လမ်းလွဲမှားနေတဲ့ပုံစံမျိုးတွေ၊အာဏာရှင်ဆန်ဆန်လုပ်နေတဲ့ပုံစံမျိုးတွေမှာ ကျနော်တို့ပြည်သူတွေက ပြောပိုင်ခွင့်မရှိဘူးလား၊ ဒီလူတွေကိုဆန္ဒပြရင် NUG ကို တော်လှန်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အခါ လမ်းစဉ်မှားနေတာကို အကြောက်တရားနဲ့မပြောဘဲ ဒီတိုင်းပဲထိုင်ကြည့်နေရမယ်ဆို ကျနော်တို့ တော်လှန်ရေးက ဘယ်တော့မှပြီးတော့မှာလဲ”လို့ ပြောပါတယ်။
 
ချောင်းဦးသပိတ်ကော်မတီတဦးကလည်း အခုလိုလုပ်ရပ်ကို “စစ်ကောင်စီကို ဆန္ဒပြနေတဲ့ သပိတ်အဖွဲ့ အစည်းတွေကိုလည်း တရားစွဲမှာလား။ စစ်ကောင်စီကိုဆန္ဒပြရင်မှန်တယ်၊ NUGကိုဆန္ဒပြရင်မှားတယ်လို့ ပြဌာန်းထားတာမျိုးရှိသလားလို့ပဲ မေးခွန်းထုတ်ရတော့မယ်။ ကျနော်တို့ ပြည်သူမှာက ကျနော်တို့သဘောဆန္ဒတွေကို ထုတ်ဖော်ပြသခွင့်မရတော့ဘူးလား၊ ကိုယ့်အစိုးရကို ထောက်ပြလို့မရတော့ဘူးလား၊ ဝေဖန်လို့မရတော့ဘူးလား၊ မြေပြင်မှာရှိနေတဲ့အခြေနေတွေကို NUGက သိသင့်တယ်၊ ထိန်းကျောင်းဖို့လိုတယ်။ ပြည်သူ့အစိုးရကိုယ်တိုင်က ပြည်သူ့အသံကိုနားမထောင်ဘူးဆိုရင် တော်လှန်ရေးကြီးအတွက် အင်မတန်စိုးရိမ်ဖို့ကောင်းတယ်လို့မြင်တယ်”လို့ ပြောပါတယ်။
 
အဲ့ဒီကျေးရွာက အုပ်ချုပ်ရေးအဖွဲ့တွေဖြစ်တဲ့ ပကဖ၊ပလဖ၊ပအဖ အဖွဲ့အစည်းတွေကို ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဖွဲ့စည်းချိန်မှာလည်း ကျေးရွာပြည်သူတွေရဲ့ဆန္ဒကိုမေးမြန်းခြင်းမရှိဘဲ နီးစပ်သူတွေနဲ့သာ ဖွဲ့စည်းသွားတာဖြစ်ကာ ဖွဲ့စည်းပြီး ၁၀ လကျော်အကြာမှာတော့ ကျေးရွာတွင်းလုပ်ဆောင်ချက်တွေကိုမကြိုက်တဲ့အတွက် အခုလိုဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
 
စာတည်း - ရင်ငြိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10