ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး မန္တလေးမြို့လမ်းလယ်မှာ ပစ်သတ်ခံရ

ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး မန္တလေးမြို့လမ်းလယ်မှာ ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းတောင်ရပ်ကွက် ၇၈ လမ်းနဲ့ ရန်မန်းသံလမ်းကြား ပညာပျိုးခင်းလမ်း အကွက် ၉၀၂  သီတာအေးရပ်ကွက်၊ ပညာပျိုးခင်းလမ်းပေါ်မှာ အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်နဲ့ပစ်ခတ်ရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။  

ဖေဖော်ဝါရီလ ၁၇ ရက် မနေ့ကမနက် ၇ နာရီခန့်မှာ လမ်းအတိုင်း ဆိုင်ကယ်စီးလာတဲ့ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်း ၅၆ နှစ်ကို သေနတ်သမားတွေက အနားကပ်ပြီး ပစ်သတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"သူက စူပါကပ်ဆိုင်ကယ်လေးစီးပြီး လာနေတာ။ လမ်းပိတ်နေတဲ့အချိန် သူအနားကို ဆိုင်ကယ် ၁ စီးက ကပ်လာပြီး အနီးကပ် တေ့ပစ်သွားတာ။ အဲနေရာမှာပဲ လဲကျသေဆုံးသွားတယ်။ လမ်းမထက် လူစည်ကားနေတဲ့အချိန်မှာ ပစ်သွားတာပါ" လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရလို့ ဦးဇော်ဝင်းထွန်းဟာ ယာဘက်နာထင်အောက် ကျည်ဖောက်ဝင်ဒဏ်ရာရပြီး သေဆုံးသွားတာကြောင့် လူမှုကူညီရေးအသင်းတွေက မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ပြည်သူတွေကို နှိပ်စက်ဒုက္ခပေးနေတဲ့ စစ်ကောင်စီလက်ပါးစေဖြစ်နေတဲ့ ဦးဇော်ဝင်းထွန်းကို မိမိတို့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး စစ်ကောင်စီ၊ ရဲတွေနဲ့ပူးပေါင်းနေတဲ့ သူတွေကို ဆက်လက်ရှင်းလင်းသွားမယ်လို့ အောင်စည်တော်ဆင်စစ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။  

ဒါ့အပြင် မနေ့ကတရက်တည်းမှာတင် အောင်စည်တော်စစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေက ချမ်းအေးသာဇံမြို့နယ်၊ ၆၂ လမ်း၊ ၃၁×၃၂ လမ်းရှိ ပြည်ကြီးမျက်ရှင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ်ခံရပြီး မပေါက်ကွဲတဲ့အတွက် သေနတ်နဲ့  ၂ ချက်ပစ်ခတ်ခဲ့ပါသေးတယ်။ 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့လည်ကလည်း မန္တလာသီရိအားကစားကွင်းရှေ့မှာ လုံခြုံရေးစောင့်နေတဲ့ ရဲဂိတ် ဗုံးပစ်ခံရပြီး ဒုရဲအုပ် ၁ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10