ရာဂိမုန်တိုင်းရေဘေး မြေလတ်ဒေသက လူ ၂၅၀ နီးပါးသေဆုံး    ■ လူသေဆုံးမှု ၁၀၀၀ ကျော်အထိရှိနိုင်ကြောင်း NUG ခန့်မှန်း

ရာဂိမုန်တိုင်းရေဘေး မြေလတ်ဒေသက လူ ၂၅၀ နီးပါးသေဆုံး ■ လူသေဆုံးမှု ၁၀၀၀ ကျော်အထိရှိနိုင်ကြောင်း NUG ခန့်မှန်း

 

 

စက်တင်ဘာလဒုတိယအပတ်အတွင်းကဖြစ်ပွားခဲ့တဲ့ စူပါတိုင်းဖွန်းမုန်တိုင်းရာဂိရဲ့ အရှိန်ကြောင့် နိုင်ငံတဝှမ်းရေကြီး၊မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး အဆိုပါရေကြီးခဲ့မှုအတွင်း မြေလတ်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းက ပြည်သူ ၂၅၀ နီးပါးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ စစ်တမ်းဖော်ပြချက်တွေအရ သိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ကာ မြစ်ချောင်းတွေရေပြည့်လျှံတာ၊ ဆည်ရေဖောက်ချတာတွေနဲ့ ဆည်ကျိုးတာဖြစ်ပေါ်ခဲ့လို့ စက်တင်ဘာ ၁၀ ရက်ကစတင်ကာ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကရင်နီ၊၊ ကရင်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း စတဲ့တိုင်း၊ ပြည်နယ်တွေမှာ ရေကြီး၊ မြေပြိုတာတွေ ဖြစ်ပွားခဲ့တာပါ။

ရေဘေးကြောင့် မြေလတ်ဒေသ မန္တလေးတိုင်းမှာ၂၃၀ ဦး၊ ပဲခူးတိုင်းမှာ ၁၄ ဦး၊ စုစုပေါင်း ၂၄၄ဦး သေဆုံးကာ ၄ ဦးပျောက်ဆုံးမှုရှိကြောင်း၊ ပဲခူးတိုင်း မြို့ နယ် ၈ ခုက ရွာပေါင်း ၂၇၉ ရွာ၊ မန္တလေးတိုင်း မြို့နယ် ၈ ခုက ၃၆ ရွာ၊ မကွေးတိုင်း မြို့နယ် ၅ ခုက ၈ ရွာနဲ့ စစ်ကိုင်းတိုင်း မြို့နယ် ၃ ခုက ၃ ရွာ စတဲ့ကျေးရွာစုစုပေါင်း ၃၀၀ ကျော်က လူဦးရေ ၃ သိန်းနီးပါး ရေဘေးသင့်ခဲ့ကာ ကျွဲ၊ နွား ၊ ဆိတ် အကောင်ရေ ၁၃၀ ကျော် သေဆုံးခဲ့တယ်လို့ စက်တင်ဘာ ၂၂ ရက်အထိ ကောက်ယူထားတဲ့ NUG စစ်တမ်းက ဖော်ပြပါတယ်။

ရေကြီး၊ရေလျှံမှုတွေကြောင့် နိုင်ငံတဝှမ်းအနေနဲ့ လူ ၃၂၁ ဦး သေဆုံးမှုရှိခဲ့ပြီး အိမ်ထောင်စု ၁၃၀,၀၀၀ ကျော် လူဦးရေ ၆၅၀,၀၀၀ ကျော်နဲ့ လယ်မြေဧက ၃၈,၀၀၀ ကျော် ရေဘေးသင့်ဆုံးရှုံးမှုရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဲ့ဒီစစ်တမ်းကောက်ယူမှုမှာတော့ နေပြည်တော်ကောင်စီနယ်မြေအတွက် ဖော်ပြထားတာမတွေ့ရဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ရေဘေးကြောင့် သေဆုံးသူ ၁၀၀၀ ကျော် အထိရှိနိုင်တယ်လို့ NUG အစိုးရက ခန့်မှန်းထားပါတယ်။

စစ်ကောင်စီဒုဥက္ကဌကတော့ ရာဂိမုန်တိုင်းနဲ့ ဆက်စပ်ရေဘေးကြောင့် တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၅၄ မြို့နယ်မှာ ရေကြီး၊ရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး လက်ရှိအထိ ရေဘေးကြောင့် သေဆုံးသူ ၄၁၉ ဦးအထိ ရှိလာပြီဖြစ်ကာ လူဦးရေ ၁၄၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း စက်တင်ဘာ ၂၄ ရက် ယမန်နေ့ နေပြည်တော်မှာကျင်းပတဲ့ ရေဘေးလှူဒါန်းပွဲတခုမှာ ပြောဆိုပါတယ်။

ယခင်ပြည်သူ့အစိုးရလက်ထက်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းတွေအတွက် ကျပ်ဘီလီယံ ၂၀၊ ပြည်သူတွေအတွက် ဘီလီယံ ၁၀၀ ကို ရန်ပုံငွေအဖြစ်လျာထားခဲ့သလို အရေးပေါ် အခြေအနေတွေမှာ အသုံးပြုဖို့ ရဟတ်ယာဥ်တစီးလည်း စီစဥ်ထားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  စစ်ကောင်စီက သဘာဝဘေးရန်ပုံငွေတွေနဲ့ ရဟတ်ယာဥ်ကို ပြည်သူတွေအတွက်အသုံးမပြုဘဲ ဗုံးကြဲတိုက်ခိုက်ဖို့နဲ့ သတ်ဖြတ်ဖို့အတွက်သာအသုံးပြုခဲ့သလို ရေကြီးမှုနဲ့ပတ်သက်ပြီးလည်း ကာကွယ်ရေးအစီအမံတွေ ကြိုတင်မလုပ်ခဲ့တာကြောင့် ပြည်သူသေဆုံးထိခိုက်မှု ပိုများခဲ့တာလို့ ဆိုပါတယ်။

ရေဘေးဒဏ်ကြောင့် ပြည်သူရာနဲ့ချီသေဆုံးမှုတွေရှိနေပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ စက်တင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ ရေဘေးသင့်ပြည်သူတွေကို  သန်းခေါင်စာရင်းကောက်ရက်အမီ နေရပ်ပြန်ဖို့ ပြောဆိုခဲ့ပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ရာဂိမုန်တိုင်း #သဘာဝဘေး #လူသေဆုံးမှု #စစ်တမ်း #NUG 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10