ရာထူးကဖယ်ရှားခံရတဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ၅ ဦး ထိန်းသိမ်းစစ်ဆေးခံနေရ (ရုပ်/သံ)

ရာထူးကနေဖယ်ရှားခံလိုက်ရတဲ့ ပြည်နယ်နဲ့တိုင်း ၅ ခုရဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ၅ ဦး နေပြည်တော်မှာ သီးခြားစီ ထိန်းသိမ်းစစ်ဆေးခံနေရတယ်လို့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ဆေးခံနေရသူတွေဟာ ကချင်ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ မန္တလေးတိုင်း နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ကယားပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မြင့်ဝေ၊ ကရင်ပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး မျိုးမင်းနောင်နဲ့ ချင်းပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဟန်ဝင်းအောင် တို့ဖြစ်ပြီး သူတို့ကို စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့  ရာထူးကဖယ်ရှားကြောင်းထုတ်ပြန်ပြီးတဲ့နောက် ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။

“နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ အရောင်းအ၀ယ်ကိစ္စနဲ့ ပတ်သက်ပြီး နယ်လုံ၀န်ကြီးရာထူးတွေကနေ ဖြုတ်ပြီး စစ်နေတာလို့သိရတယ်။ အဲ့ဒီထဲမှာ အောင်ကြည်လင်းနဲ့ ကျော်ကျော်မင်းက မိသားစုပါ အစစ်ဆေးခံနေရတယ် “ လို့ နေပြည်တော်စစ်ရုံးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီက အမေရိကန်ဒေါ်လာ အရောင်းအ၀ယ်တွေနဲ့ပတ်သက်လို့ စည်းကမ်းသတ်မှတ်ချက်တွေကို မလိုက်နာလို့ဆိုကာ ထိန်းသိမ်းစစ်ဆေးနေတဲ့ စစ်တပ်အရာရှိကြီး ၃၀ ကျော်အထိ ရှိနေပြီး အဲ့ဒီထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖယ်ရှားခံလိုက်ရတဲ့ နယ်လုံဝန်ကြီး ၅ ဦးလည်း ပါဝင်နေတာပါ။

“ဖမ်းခံထားရတဲ့ အရာရှိကြီးတွေမနည်းဘူး။ ထပ်ပြီး အချိန်းအပြောင်းတွေ လုပ်ဖို့ရှိတယ်။ ဒေါ်လာကိစ္စနဲ့ပတ်သက်ပြီး အထိမခံဘူးဖြစ်နေတယ်"လို့ သူက ဆက်ပြောပါတယ်။

ထိန်းသိမ်းစစ်ဆေးခံနေရတဲ့ နယ်လုံဝန်ကြီးဟောင်း ၅ ဦးထဲက ဗိုလ်မှူးကြီး မျိုးမင်းနောင်နဲ့ ဗိုလ်မှူးကြီး ဟန်၀င်းအောင်တို့ကိုတော့  စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးရင် စစ်ဘက်တာဝန် ပြန်လည်တာဝန်ယူသွားရမှာဖြစ်ပေမယ့် စောင့်ကြည့်အခြေအနေနဲ့ ထားရှိသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ဖယ်ရှားခံလိုက်ရတဲ့ တိုင်းနဲ့ပြည်နယ် ၅ ခုရဲ့ နယ်လုံဝန်ကြီးတွေနေရာမှာ ကချင်ပြည်နယ်ကို  ဗိုလ်မှူးကြီး ကျော်သူရ ၊ ချင်းပြည်နယ်ကို ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ကယားပြည်နယ်ကို ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ ကရင်ပြည်နယ်ကို ဗိုလ်မှူးကြီး မင်းသူကျော်နဲ့ မန္တလေးတိုင်းကို ဗိုလ်မှူးကြီး နေလင်းစိုးတို့ ၅ ဦးနဲ့ အစားထိုးခန့်အပ်တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပြီး ကရင်၊ကယား၊ ကချင်ပြည်နယ်တွေရဲ့ နယ်လုံဝန်ကြီးအသစ် ၃ ဦးဟာ စစ်တပ်လေ့ကျင့်ရေးကျောင်း ၃ ကျောင်းက ဒုကျောင်းအုပ်ကြီး ရာထူးတွေကနေ ပြောင်းရွှေ့လာတာလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#သတင်း #ရုပ်သံ #နယ်လုံဝန်ကြီး #ဗိုလ်မှူးကြီး #ထိန်းသိမ်းစစ်ဆေး #ရာထူး #ဖယ်ရှား #နိုင်ငံခြားငွေ #အရောင်းအဝယ် #အစားထိုးခန့်အပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10