ရာသီတုပ်ကွေးအဖြစ်များနေလို့ ခင်ဦးနယ်ကစစ်ရှောင်တွေ ဆေးဝါးလိုအပ်နေ

ရာသီတုပ်ကွေးအဖြစ်များနေလို့ ခင်ဦးနယ်ကစစ်ရှောင်တွေ ဆေးဝါးလိုအပ်နေ

ရာသီဥတုအပြောင်းအလဲနဲ့ မိုးရွာသွန်းတာတွေကြောင့် ခင်ဦးမြို့နယ်ကစစ်ရှောင်တွေမှာရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ Khin Oo Support Organization (KSO)အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းရောင်က ပြောပါတယ်။

ခင်ဦးနယ်ထဲက စစ်ရှောင်တွေအနေနဲ့ စခန်းတွေမှာ နေထိုင်ကြတာမျိုး ရှိသလို နီးစပ်ရာဆွေမျိုး၊ ကျေးရွာ၊ ဘုန်းကြီးကျောင်းတွေမှာလည်း နေထိုင်နေကြတာဖြစ်လို့ ဖြစ်ပွားမှုအရေအတွက်ကို ပြောဖို့ခက်နေပြီး လက်ရှိမှာတော့ စစ်ရှောင် ၁၀ ဦးမှာ ၂ ဦး တုပ်ကွေးဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

"အခုအချိန် နှာစေး၊ ချောင်းဆိုးတာလောက်တော့ ဖြစ်နေကြတာမို့ ဆေးဝါးအခက်အခဲတွေကတော့ လိုအပ်နေပါတယ်။ ကျ‌နော်တို့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကနေပြီး ၁၅ ရက်တခါ စစ်ရှောင်စခန်းတွေကိုလိုက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းပေးနေပါတယ်" လို့ ဗိုလ်လင်းရောင်က ပြောပါတယ်။

အဲ့တာအပြင် စစ်ရှောင်စခန်းက ကလေးငယ်တွေဟာလည်း ဝမ်းပျက်၊ ဝမ်းလျောရောဂါတွေ ဖြစ်နေတာမို့ ကာကွယ်ဆေးတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က တပ်ဆွဲထားတဲ့ ကျေးရွာလေးရွာရှိပြီး လမ်းကြောင်းအချက်အချာကျတဲ့ မုဒိန်ချောင်းနဲ့ အင်းပတ်ကွေ့တွေမှာလည်းတပ်ဆွဲထားကာ အနီးနားကရွာတွေကို မကြာခဏဝင်မွှေတာ စားနပ်ရိက္ခာတွေ လုယူလေ့ရှိတာမို့ ရွာထဲပြန်မဝင်ရဲဘဲ စစ်ရှောင်စခန်းမှာပဲ အချိန်ကြာနေထိုင်ရတဲ့ဒေသခံတွေ များပြားတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်က ကျေးရွာတွေမှာ Non-CDM ကျန်းမာရေးဝန်ထမ်းတွေကလည်း ကျေးရွာတွေမှာမနေထိုင်ဘဲ မြို့ပေါ်မှာသာနေထိုင်ကြတာမို့ ဒေသခံတွေက ဆေးကုသခွင့်ဆုံးရှုံးနေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ခင်ဦးမြို့နယ်မှာ အသက်၂ နှစ်အောက် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း ၁%လောက်ပဲ ကာကွယ်ရေးထိုးနှံခွင့် ရရှိကြတယ်လို့ ဒေသခံ CDM ကျန်းမာရေးဆရာမ ဆီကသိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦး #စစ်ရှောင် #တုပ်ကွေးရောဂါ #ကျန်းမာရေး #ကုသရေးး #အကူညီလိုအပ်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10