ရာသီဥတုဒဏ်ကြောင့် မြိုင်မြို့နယ်မှာ စပါးရိတ်သိမ်းချိန်နောက်ကျပြီး တောင်သူတွေ အရှုံးပေါ်နိုင်

ရာသီဥတုဒဏ်ကြောင့် မြိုင်မြို့နယ်မှာ စပါးရိတ်သိမ်းချိန်နောက်ကျပြီး တောင်သူတွေ အရှုံးပေါ်နိုင်

ရာသီဥတုဒဏ်ကြောင့် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စပါးရိတ်သိမ်းချိန်နောက်ကျပြီး အခုနှစ် စပါးအထွက်နှုန်းလည်းကျနိုင်တာကြောင့် အရှုံးနဲ့ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ 

အခုနှစ် စက်တင်ဘာ ၁၁ ရက်က တိုက်ခတ်ခဲ့တဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေဖြစ်ခဲ့ပြီး မြိုင်မြို့နယ်အတွင်းက လယ်ယာလုပ်ငန်းတွေဟာ စိုက်ပျိုးချိန်နောက်ကျခဲ့လို့ အခုအချိန်ထိ စပါးမရိတ်သိမ်းရသေးဘူးလို့ ဆိုပါတယ်။ 

မြိုင်မြို့နယ်အတွင်းမှာ နှစ်စဉ် ဩဂုတ်လ ပထမပတ်အတွင်းမှာ စပါးစိုက်ပျိုးကြပေမယ့် အခုနှစ်မှာ မုန်တိုင်းဖြစ်ပြီး မိုးကြီးခဲ့တာကြောင့် စက်တင်ဘာ တတိယပတ်အတွင်းမှသာ စိုက်ပျိုးခဲ့ရတာပါ။ 

အခုလို စပါးစိုက်ချိန်နောက်ကျတဲ့အတွက် ရိတ်သိမ်းဖို့ကို နောက်ထပ် ၁ လခွဲလောက် ကြာမြင့်နိုင်သေးတယ်လို့ သိရပါတယ်။ 

“အခုချိန်ထိလည်း (စပါး) မရိတ်နိုင်သေးဘူး။ အဓိကအကြောင်းရင်းကတော့ ရာသီဥတုကြောင့်ပါ။ ဒီနားစိုက်သမျှရွာတိုင်း အရှုံးပေါ်မယ့်အနေအထားပဲ။ စိုက်တဲ့အရင်းတောင် ပြန်မရနိုင်ဘူး။” လို့ မြိုင်မြို့နယ်အရှေ့တောင်ဘက်ခြမ်းရွာနေ တောင်သူတဦးက ပြောပါတယ်။ 

မြိုင်မြို့နယ်ရဲ့အရှေ့တောင်ဘက်ခြမ်းက စပါးစိုက်ပျိုးတဲ့ရွာ ၁ ရွာမှာ လယ်ဧက စုစုပေါင်း ၃၀၀ နီးပါးရှိပြီး စပါးခင်းရဲ့ ၂၅ ရာခိုင်နှုန်းဟာ စပါးနှံမထွက်တာကြောင့် စပါးအထွက်နည်းပြီး တောင်သူတွေအရှုံးပေါ် နိုင်တယ်လို့ တောင်သူတဦးက ပြောပါတယ်။ 

အရင်နှစ်ကထွက်တဲ့ စပါးအထွက်နှုန်းထက် ၄၀ ရာခိုင်နှုန်းလောက်အထွက်လျော့ကျနိုင်တယ်လို့ သူက ခန့်မှန်း ပါတယ်။ 

မြိုင်မြို့နယ်အတွင်းမှာ မနောသုခ စပါးအမျိုးအစားကို စိုက်ပျိုးကြပြီး ပုံမှန်အချိန်မှာ ၁ ဧကကို စပါးတင်း ၈၀ ကနေ ၁၀၀ အထိ ထွက်ရှိပြီး အခုနှစ်မှာတော့ ၁ ဧကကို တင်း ၅၀ က ၆၀ ကြားသာထွက်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ 

မနောသုခ စပါးမျိုးစေ့ ၁ တင်းကို ကျပ် ၅၀,၀၀၀ ခန့်ရှိပြီး ၁ ဧကစိုက်ပျိုးစရိတ်မှာ စုစုပေါင်း ကျပ် ၉ သိန်းခန့် ကုန်ကျတယ်လို့ ဆိုပါတယ်။ 

လက်ရှိ စပါးပေါက်ဈေးမှာ ၁ တင်းကို ကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။ 

မြိုင်မြို့နယ်အတွင်းက ဒေသခံတွေဟာ စပါးကို ဝမ်းစာအတွက်စိုက်ပျိုးကြပြီး ပိုလျှံတဲ့စပါးကို ရောင်းချလေ့ရှိတယ်လို့လည်း တောင်သူတစ်ဦးက ဆိုပါတယ်။ 

“အရင်နှစ်တွေက အထွက်ကောင်းလို့ ပိုလျှံလို့ ရောင်းနိုင်ခဲ့ပေမယ့် အခုနှစ်တွေမှာတော့ မရောင်းနိုင်တဲ့အပြင် စိုက်ပျိုးခတောင်မှ ရှုံးမယ့်အနေအထား ဖြစ်နေတယ်။ စပါးစိုက်တဲ့အရင်းတောင် မရနိုင်တော့ဘူး။” လို့ မြိုင်မြို့နယ်အတွင်းက နောက်ထပ်စပါးစိုက်တောင်သူတဦးက ပြောပါတယ်။ 

အခုနှစ် စက်တင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးကြီးကာ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေကြုံခဲ့ရပါတယ်။

ရေလွှမ်းမိုးမှုတွေကြောင့် လယ်ဧက သောင်းချီရေလွှမ်းခဲ့ပြီး လူပေါင်းရာချီသေဆုံးခဲ့ကာ နိုင်ငံတဝှမ်း အနည်းဆုံး လူပေါင်း ၆၃၁,၀၀၀ ခန့် ဘေးသင့်ခဲ့ပါတယ်။

ပုံစာ - ဒီဇင်ဘာလအထိ မရိတ်သိမ်းရသေးသည့် မြိုင်မြို့နယ်အတွင်းမှ စပါးခင်းများ။ 

သတင်း - ဟယ်သာ၊ စာတည်း - JCG

#မြေလတ်အသံ

#ရာသီဥတု #မကွေးတိုင်း #မြိုင်မြို့ #စပါး #တောင်သူ #ဈေးကွက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10