သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရာသီဥတုပူပြင်းလို့ စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်မှာ မြေပဲအထွက်နှုန်းကျဆင်းတဲ့အပြင် စိုက်ပျိုးစရိတ်တွေ တက်လာတာတွေကြောင့် ပဲစိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က မြေပဲ ၁ ဧကကို တင်းရေ ၁၀၀ ခန့် ထွက်ရှိပြီး အခုနှစ်ကတော့ ၁ ဧကကို တင်း ၃၀ နီးပါးသာ ထွက်တာကြောင့် ပုံမှန်မြေပဲ တင်းရေ ၁,၀၀၀ ကျော် ရရှိတဲ့တောင်သူတွေပါ အခုနှစ်မှာ တင်း ၂၀၀ ကျော်သာ ထွက်ရှိတော့တယ်လို့ သိရပါတယ်။
မြေပဲကို ဒီဇင်ဘာလဝန်းကျင်မှာ စတင်စိုက်ပျိုးကြပြီး မေလမှာ နှုတ်ယူရောင်းချကြကာ မနှစ်က ရာသီဥတု မျှတတဲ့အတွက် အထွက်နှုန်းကောင်းခဲ့ပေမယ့် ဒီနှစ်မှာ အပူများတဲ့အတွက် မြေပဲအထွက်နည်းကြတယ်လို့ ဆိုပါတယ်။
“၁ လပိုင်းလောက်ကစပြီး မိုးလုံးဝ မရွာတော့ဘဲ အပူတွေတအားတိုးတော့ စိုက်ထားတဲ့ မြေပဲတွေက ဥ မဥတော့ဘဲ ဆုံးရှုံးမှုတွေများတာ၊ မြေပဲ မအောင်မြင်တာက ရာသီဥတုနဲ့ တဝက်ဆိုင်တာပေါ့၊ အပူများလို့၊ အမတို့ပတ်ဝန်းကျင်မှာလည်း တောင်သူတွေ ရှုံးလို့ တအားငြီးကြတယ်။” လို့ မော်လူးဒေသက ပဲစိုက်တောင်သူ အမျိုးသမီးတဦးက ပြောပါတယ်။
မနှစ်က မြေပဲတတင်းကို ၁၈,၀၀၀ ပေါက်ဈေးရှိပြီး အခုနှစ်မှာတော့ မြေပဲ တတင်းကို ၂၈,၀၀၀ ထိ ဈေးကောင်းရပေမယ့် ဝယ်သူရှားပါးတာကြောင့် ဈေးနှိမ်ခံရတာတွေလည်း ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။
အင်းတော်ဒေသတဝိုက်မှာ တိုက်ပွဲတွေကြောင့် မန္တလေး-မြစ်ကြီးနားကားလမ်းက မကြာခဏပိတ်လေ့ရှိပြီး ကုန်စည်စီးဆင်းမှု နှေးကွေးတဲ့အတွက် မြေပဲရောင်းချရတာ အခက်ခဲတွေ ရှိတယ်လို့ သိရပါတယ်။
“ပဲတွေက ပွဲရုံကို အခြောက်သွင်းတာ မဟုတ်ဘူး၊ အစိုသွင်းတာလေ၊ မန္တလေးလမ်းက ခဏခဏပိတ်တော့ ကားတွေက လမ်းမှာကြာပြီဆိုရင် ပဲတွေက ပုတ်သွားမှာလေ၊ အဲတော့ လောင်းကြေးထပ်ပြီး မသယ်ရဲဘူး၊ သိပ်မဝယ်ရဲကြဘူး” လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် အခုနှစ် မြေပဲတဧက စိုက်ပျိုးစရိတ်မှာ ထွန်စက်ဌားခ၊ အလုပ်သမား ဌားခ၊ မြေဩဇာ၊ ပေါင်းနှုတ်ခတွေ အပါအဝင် ကျပ် ၅ သိန်းကျော် ကုန်ကျပြီး မနှစ်က ကျပ် ၂ သိန်းဝန်းကျင်ပဲကုန်ကျတယ်လို့ ဆိုပါတယ်။
မော်လူးဒေသမှာ ဆန်စပါးနဲ့ မြေပဲကို အဓိကထား စိုက်ပျိုးကြပြီး၊ အင်းတော်မြို့နယ် မဲဇာရွာဘက်မှာလည်း နေကြာစိုက်တဲ့တောင်သူတွေ အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။
ပုံစာ - မကွေးတိုင်းထဲက ယာလုပ်ငန်းခွင်တနေရာ
စာတည်း-လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မော်လူးမြို့နယ် #ရာသီဥတု #ကုန်ဈေးနှုန်း #ပဲစိုက် #မြေပဲ
Share Share Share