ရိက္ခာကားတွေကို လမ်းရှင်းပေးတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင် တောင်ပေါ်ကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီ ဖောကား ၃ စီးကို ကာကွယ်ရေးအဖွဲ့တွေက အသင့်စောင့်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးကာ ၁၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ဆီက သိရပါတယ်။

ဖောကား ၃ စီးထဲမှာ တစီးက ပျက်နေလို့ တခြားကားတစီးနဲ့ ဆွဲလာကာ အဲ့ဒီကားတွေကို ရှေ့ကနေ လမ်းရှင်းပေးတဲ့ စစ်အုပ်စုကို ဇူလိုင် ၂၆ ရက် မနက် ၇ နာရီကျော်လောက်မှာ ရေစကြိုမြို့နယ်၊ ထန်းတိုရွာနဲ့ ချင်းယားကုန်းရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"အင်အား ၅၀ ပါ‌စစ်ကြောင်းက ဘေးတစ်ဖက်စီကနေ ခြေလျင်လျှောက်လာတာ လမ်းရှင်းပေးတာ။ ထန်းတိုရွာနဲ့ ချင်းယားကုန်းရွာအကြားမှာ ကျနော်တို့ရဲဘော်တွေ ထောင်ထားတဲ့ ပွိုင့်အနားကို ရောက်လာတယ်။ အဲ့ဒီပွိုင့်အနားမှာ ကျနော်တို့ရဲဘော်တွေ စောင့်နေတာ။ ရှေ့ဆုံးက ** ၇ ကောင်လောက်က ကျွံလာတာ။ မိုင်းဖြုတ်နေတဲ့ ၃ ကောင်ကို ကျနော်တို့ရဲဘော်တွေက လက်ဦးမှုယူပြီးတော့ စီးပစ်လိုက်တာ။ အဲ့ဒီ ၃ ယောက်က ပွဲချင်းပြီးတယ်။" လို့ ရေစကြိုမြို့နယ်ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ခရီးသွားပြည်သူတွေပြောပြချက်အရ ခေါင်းမှာပတ်တီးစီးထားတဲ့စစ်သား ၁၀ ယောက်လောက်ရှိပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦးသေဆုံးတာကိုတော့ ကာကွယ်ရေးအဖွဲ့တွေက အတည်ပြုနိုင်ပေမယ့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

စစ်ကောင်စီဘက်က ၄၀ မမနဲ့ ၂ ချက် ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်နဲ့ ပခုက္ကူခရိုင်တပ်ရင်းအမှတ် ၉ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကလည်း ပခုက္ကူမြို့ကနေ ရှင်မတောင်ဘက်ကို ရိက္ခာပို့တဲ့ ဖောကား ၂ စီးကို ရေစကြိုမြို့နယ်ပကဖ အဖွဲ့က ထန်းတိုကျေးရွာနဲ့ ချင်းယားကုန်းရွာအကြားမှာ မိုင်း ၂ ကြိမ်ဆွဲခဲ့ရာ ဖောကား ၁ စီး ပျက်စီးသွားတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #ရေစကြိုမြို့နယ် #ရှင်မတောင် #မကွေးတိုင်း #ဖောကား #မိုင်းဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10