ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကြောင်းက ကျေးရွာ ၂ ရွာက နေအိမ် အလုံး ၃၀ ကို မီးရှို့(ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးကျေးရွာကို ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကျောင်းကုန်းကျေးရွာနဲ့ သံပုရာခြံကျေးရွာက နေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် အလုံး ၃၀ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကန်နီရွာက ထွက်လာတဲ့ အင်အား ၁၈၀ ပါ စစ်ကြောင်းဟာ ဇန်နဝါရီ ၁၈ ရက် မနေ့ညနေ ၆ နာရီခန့်က ကျောင်းကုန်းကျေးရွာကို စတင်မီးရှို့ခဲ့ပြီး ညနေ ၇ နာရီဝန်းကျင်မှာတော့ သံပုရာခြံကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

“ကန်နီကနေ အပြန်ဆိုတော့ ကျောင်းကုန်းကို အရင်တွေ့တယ်။ အဲ့မှာ ကျောင်းကုန်းက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ကျောင်းကုန်းက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးပြီးတော့ အဲ့မှာ တဆက်တည်း သူ့ရဲ့တောင်ဘက်မှာရှိတဲ့ သံပုရာခြံက နေအိမ် ၃ လုံးကိုပါ တပြိုင်ထဲ မီးရှို့ခဲ့တယ်။” လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။ 

ညနေ ၇ နာရီကျော်မှာတော့ နောက်တန်းမှာကျန်ခဲ့တဲ့ အညာမြေတပ်ပေါင်းစု ရဲဘော်တွေက မီးကူးစက်နိုင်မယ့်နေရာတွေကို လိုက်လံငြှိမ်းသတ်ပေးခဲ့ကြပြီး နေအိမ်အလုံး ၃၀ ကတော့ အိမ်လုံးကျွတ် မီးထဲပါခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ကန်နီရွာက ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်းနဲ့ သူ့ရဲ့ မိသားစု ၇ ဦးလည်း လိုက်ပါလာတယ်လို့ သိရပါတယ်။

“ဘယ်သူတွေ ပါလာတုန်းဆိုတော့ ကန်နီပျူစောထီးရွာထဲက ကန်နီပျူခေါင်းဆောင် ကျော်ဆန်းဝင်း မိသားစုလည်း အဲ့ဒီ **တန်းနဲ့အတူ၊ ကန်နီရွာကနေပြီးတော့ ကန်နီရွာကို သူစွန့်ခွာခဲ့တယ်လို့ပဲ ပြောရမှာပေါ့၊ စွန့်ခွာပြီးတော့ **တွေနဲ့အတူ ပူးပေါင်းပြီးတော့ ခွေးစစ်ကြောင်းနဲ့ လိုက်လာတယ်။”လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ မီးဘေးသင့် အိမ်ထောင်စုတွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေပြီး အစားအစာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်နဲ့ အခြေခံပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း - မြတ်သော်တာ၊ စာတည်း - ချယ်ရီ၊ တည်းဖြတ် - HP

#မြေလတ်အသံ 

#မကွေး #မြိုင် #စစ်ကောင်စီ #မီးရှို့ #ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10