ရိက္ခာရှာထွက်လာတဲ့ စစ်ဗိုလ်နဲ့တပ်သားကို PDF ကပစ်ခတ် ၁ ဦး သေဆုံး

ရိက္ခာရှာထွက်လာတဲ့ စစ်ဗိုလ်နဲ့တပ်သားကို PDF ကပစ်ခတ် ၁ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာရေစက်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ရိက္ခာရှာဖို့ထွက်လာတဲ့ စစ်ဗိုလ် ၁ ဦးအပါ ၂ ဦးကို PDF က ပစ်ခတ်လို့ ၁ ဦးသေဆုံးတယ်လို့ Earthquake People Defence Force တပ်ဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနေ့မနက် ၁၀ နာရီခန့်မှာ ကိုင်းတောမရွာရေစက်ကနေ ရွာသစ်ရွာကိုသွားရောက်ကာ ရိက္ခာရှာနေစဉ် မီတာ ၂၀၀ ခန့်အကွာကနေ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ရာမှာ ပစ္စတိုကိုင်ဆောင်ထားသူစစ်ဗိုလ် နေရာမှာသေဆုံးခဲ့ကာ ၁ ဦးမှာ ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။

“ ရွာသစ်က လူမနေတာကြာပြီ။ သူတို့တပ်စွဲထားတဲ့ ကိုင်းတောမရေစက်နဲ့က နီးနီးပဲ။ ရိက္ခာလိုရင် အဲ့ဒီရွာက အိမ်တွေကနေ ဝင်ဝင်ယူနေကျ။ ကျနော်တို့ ၃ ဖွဲ့ပေါင်းဝိုင်းပစ်လို့ ဗိုလ်က ပွဲချင်းပြီးသေတယ်။” လို့ Earthquake People Defence Force ရဲဘော်ကိုပိန်က မြေလတ်အသံကို ပြောပါတယ်။

ကိုင်းတောမရွာရေစက်မှာ မြိုင်မြို့အနီး အမှတ် ၃ တပ်မတော်အကြီးစားစက်ရုံခွဲ (ဒေသအခေါ် မြိုင် စက်မှု ၂)က စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတာလည်းဖြစ်ပြီး သေဆုံးတဲ့အရာရှိရဲ့ အချက်အလက်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

PDF တွေဘက်က ပစ်ခတ်ပြီးတဲ့နောက် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်က ၎င်းကိုင်ဆောင်တဲ့ သေနတ်နဲ့ပြန်လည်ပစ်ခတ်ပေမယ့် ထိခိုက်တာမျိုးမရှိဘဲ  ကိုင်းတောမရေစက်နဲ့ ရဲစခန်းက စစ်အုပ်စုတပ်ဖွဲ့ဝင်တွေလည်း အခင်းဖြစ်နေရာကို မိနစ်ပိုင်းအတွင်းရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

“မသေတဲ့ကောင်က ဒဏ်ရာနဲ့ဆိုတော့ သိပ်မပစ်နိုင်ဘူး။ အဲ့ဒီအချိန်မှာ စက်တွင်းထဲကကော ရဲစခန်းထဲကကော  ချက်ချင်းစစ်ကူထွက်လာတော့ သေနတ်မကောက်နိုင်ပေမယ့် ဘေးကင်းအောင်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ အဆိုပါရဲဘော်က ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Earthquake People Defence Force၊ Pakokku People's Defence Force (PPDF) နှင့် မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ စင်္ကြာတပ်ဖွဲ့၊ ညီနောင် ၃ ဖွဲတို့ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ - Earthquake People Defence Force မှ တပ်ဖွဲ့ဝင်များ။

သတင်း - ရင်ငြိမ်း

#မြေလတ်အသံ

#မြိုင် #စစ်ကောင်စီတပ် #ရိက္ခာရှာ #ပစ်ခတ်ခံရ #သေဆုံးမှု #တကစ၃

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10