ရိုးမပေါ်ကစစ်ရှောင်တွေနဲ့ ဒေသခံအရှိုချင်းတိုင်းရင်းသားတွေမှာ ယားနာပေါက်သူတွေ များနေ

ရိုးမပေါ်ကစစ်ရှောင်တွေနဲ့ ဒေသခံအရှိုချင်းတိုင်းရင်းသားတွေမှာ ယားနာပေါက်သူတွေ များနေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ရခိုင်ရိုးမပေါ်မှာနေထိုင်တဲ့ ကျေးရွာအချို့က အရှိုချင်းတိုင်းရင်းသားတွေမှာ ယားနာပေါက်သူတွေ များနေတယ်လို့ သိရပါတယ်။

ရာသီဥတုအခြေအနေနဲ့ နေထိုင်စားသောက်ရတဲ့ အခြေအနေတွေကြောင့် တောင်ပေါ်နေ လူ ၁၀၀ မှာ ၅၀ ကျော်ဟာ နှင်းခူနဲ့ အခြားယားနာရောဂါတွေကို ခံစားနေရတာ ဖြစ်တယ်လို့ ဆေးကုသပေးနေတဲ့ Swallow PDF - Magway မှ တာဝန်ရှိသူက ပြောပါတယ်။

"သူတို့က တောသူတောင်သားတွေဆိုတော့ ဖိနပ်မပါဘဲ သွားလာတာ။ တကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့်လည်း ပါမယ်ထင်တယ်။ ရေကောင်းရေသန့်လည်း ရကြပါတယ်။ ဘာကြောင့်လဲဆိုတာတော့ အတိအကျပြောဖို့ ခက်တယ်။ ဖြစ်တာက တော်တော်များများပဲ။ ကျနော်တို့ သွားကုပေးတုန်းကတော့ နိုင်သလောက် ရှိသလောက် ဆေးဝါးတွေနဲ့ ကုသပေးခဲ့တယ်။ ဒါပေမယ့်လည်း ဒီလိုရောဂါဆိုတာက ဆေးကုရုံမရဘူး။ တကိုယ်ရေသန့်ရှင်းရေးလည်း ဂရုစိုက်ဖို့ လိုတယ်" လို့ ပြောပါတယ်။

စစ်ရှောင်တွေနဲ့ ဒေသခံတွေကို ဆေးကုသတဲ့နေရာမှာ ဆေးဝါးလိုအပ်ချက်တွေက ရှိနေတာကြောင့် အပြည့်အဝ ကုသမှုမပေးနိုင်ဘဲ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် တောင်ပေါ်နေ တိုင်းရင်းသားတွေဟာ မြို့ပေါ်တွေကိုသွားပြီး ဆေးကုသမှုခံယူဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

ယားနာပေါက်သူတွေဟာ ဒေသခံတွေအပြင် စစ်ရှောင်နေရသူတွေပါ ပါဝင်ပြီး ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအထိပါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ရခိုင်ရိုးမပေါ်မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ အရှိုချင်းတိုင်းရင်းသား ၂၀၀ ကျော်ရှိနေပြီး ဒေသခံဌာနေ တိုင်းရင်းသား ၁၀၀၀ လောက် နေထိုင်နေကြတာ ဖြစ်ပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10