ရုန်းမထွက်နိုင်ကြသူများ (အတွေးအမြင်)

ရုန်းမထွက်နိုင်ကြသူများ (အတွေးအမြင်)

 

တပ်တွင်းလက်ဖက်ရည်ဆိုင်လို့ ဆိုင်းဘုတ်တပ်ထားတဲ့ ကန်တင်းအတွင်း ဝင်လိုက်ပြီးတဲ့နောက် ကိုထွန်းကျော်က ကော်ဖီနှစ်ခွက်မှာလိုက်တယ်။ အသင့်ဖျော်ကော်ဖီမစ်နှစ်ထုပ်နဲ့ ရေနွေးအဖြူနှစ်ခွက်က ကျနော်တို့ ထိုင်နေတဲ့ ပလပ်စတစ်ခုံပုလေးပေါ်ရောက်လာတော့ တစ်ယောက်တစ်ထုပ် ဖောက်သောက်ရင်း စကားစမြည်ပြောဖြစ်ခဲ့ကြတယ်။

ကိုထွန်းကျော်က စစ်တပ်မှာတော့ ဗိုလ်လေးလို့ အခေါ်ခံရတဲ့ အရာခံဗိုလ်တဦး။ ကျနော်နဲ့ တနယ်ထဲသား၊ စစ်ကိုင်းတိုင်းထဲက နယ်မြို့တမြို့မှာ အတူကျောင်းတက်ခဲ့ဖူးသူ။ ကျနော့်ထက် တနှစ်ကြီးတဲ့ ကိုထွန်းကျော်က ဆယ်တန်းအောင်စာရင်း မထွက်ခင်ကတည်းက စစ်တပ်ထဲဝင်သွားခဲ့သူ။ 

ကျနော်တို့ ဆယ်တန်းစာမေးပွဲဖြေကာနီးတော့ သူက ယူနီဖောင်းကြီးဝတ်ချပြီး မြို့ကို ခွင့်နဲ့ ပြန်လာသေးတယ်။ အဲ့တုန်းက ငယ်ငယ်ရွယ်ရွယ် တက်တက်ကြွကြွနဲ့ကိုမှ တခြား သူ့သူငယ်ချင်းတွေ မိဘလုပ်စာ လက်ဖြန့်တောင်းသုံးပြီး တက္ကသိုလ်တက်ဖို့ စောင့်နေချိန် သူက ကိုယ်ပိုင်ဝင်ငွေနဲ့ ဘာနဲ့ဆိုတော့ သူ့ ကြည့်ပြီး အားကျရသေး။ 

အဲ့ဒီကနေမှတဆင့် ဆယ်တန်းအောင်စာရင်းတွေ အမှတ်စာရင်းတွေထုတ်ပြီးတော့ ဟိုပုံးက စစ်တပ် အင်ဂျင်နီယာကျောင်းမှာ ၂ နှစ်ကျောင်းတက်ပြီး အင်ဂျင်နီယာ အကြပ်ကြီးဖြစ်သွားသူ။ အင်ဂျင်နီယာဆိုတော့ စစ်မတိုက်ရတဲ့ မြို့ပေါ်တပ်တခုမှာ သာသာယာယာနေရသူပေါ့။

ကျနော် ရန်ကုန်ရောက်တုန်း သူ့တပ်ကိုသွားလည်တော့ သူက ဒုတိယအရာခံဗိုလ် ဖြစ်နေပြီ။ ပြီးတော့ ကျနော်တို့မြို့က ကျောင်းဆရာမ တယောက်နဲ့ အိမ်ထောင်ကျနေပြီ။ ကိုထွန်းကျော်တို့ မိဘတွေက နယ်မှာဆို ရိုးရိုးကုပ်ကုပ် နေသူတွေ။ လယ်ယာ အလုပ်လုပ်ကိုင်ရင်း မူးစု ပဲစု ဘဝနဲ့ မရှိမရှားမိသားစု။ 

သူ့မိသားစုမှာတော့ သူတယောက်ပဲ စစ်တပ်ကပေးတဲ့ အငယ်တန်းအင်ဂျင်နီယာ ဒီပလိုမာတခုရယ်၊ အဝေးသင်တက်ပြီးရထားတဲ့ မြန်မာစာအထူးပြုဘွဲ့တခုရယ်နဲ့ ပညာတတ် အစိုးရဝန်ထမ်း ဖြစ်နေသူ။ မိသားစုက ဂုဏ်ယူရတဲ့ သူမျိုးပေါ့။

အဲ့ဒီတုန်းက သူ့ဆီကို သွားလည်တော့ ၂၀၂၀ ဝန်းကျင်ကာလ၊ ပြင်ပမှာ ကိုဗစ်ဂယက်နဲ့ တချို့တွေ ကျပ်တည်း ကြပေမယ့် သူတို့က လင်ရော၊ မယားပါ ဝန်ထမ်းဖြစ်တဲ့အပြင် အစိုးရက ကိုဗစ်ချေးငွေထုတ်ပေးထားတာရယ်၊ နဂိုကလည်း ငွေကြေးစိစစ်တဲ့သူဆိုတော့ သူတို့က ပြေပြေလည်လည်ပဲ။ 

ပိုက်ဆံအသင့်အတင့်နဲ့ ပြေလည်ပေမယ့် ကိုထွန်းကျော်က ဘယ်တော့မှ ပိုက်ဆံမသုံးတဲ့သူ။ သူများတွေက ငွေကို မဖြုန်းဘူး သုံးဖို့လိုရင် သုံးမယ်ဆိုတာမျိုးရှိကြပေမယ့် သူ့ကျတော့ သုံးကို မသုံးတာ။ အခုလည်း ကြည့်လေ။ သူ့ဆီလာလည်တဲ့ကျနော့်ကိုတောင် သူ့အိမ်မှာ ထမင်းကျွေးတာအပြင် စစ်တပ်ကန်တင်းဆိုင်မှာ ကော်ဖီမစ်ပဲတိုက်တဲ့သူ။ အဲ့ဒါကြောင့်လည်း အစိုးရဝန်ထမ်းလင်မယားဖြစ်တဲ့သူတို့မှာ စုစုဆောင်းဆောင်းနဲ့ ရွှေလေးငွေလေး အမြဲရှိနေတတ်တယ်။

ဒီလိုနဲ့ စစ်တပ်က အာဏာသိမ်းတော့ ကျနော်လည်း တောထဲရောက် ဟိုရောက်ဒီရောက်နဲ့ ကိုထွန်းကျော်ဆီ အဆက်အသွယ် မလုပ်ဖြစ်လိုက်ဘူး။ အာဏာသိမ်းပြီး တနှစ်ကျော်လောက်ကျမှ အဆက်အသွယ်ပြန်ရတော့ သူက သူ့တပ်မှာပဲ။ CDM မလုပ်ဘူး။ သူက စစ်သား၊ သူ့မိန်းမက ကျောင်းဆရာမ၊ ဒီကြားထဲ သူတို့အမျိုးထဲမှာ DSA တက်နေတဲ့ကောင်လေးတယောက်က ရှိသေးတယ်။ 

ကိုထွန်းကျော်က စစ်သားဖြစ်ပေမယ့် ကိစ္စတော်တော်များများမှာ သဘောထားပျော့ပြောင်းတဲ့သူ။ နိုင်ငံရေး ကိစ္စတွေနဲ့ ပတ်သက်ရင် အရင်ကတည်းက သူနဲ့ကျနော် စကားပြောဖြစ်တိုင်း စစ်တပ်က သူတို့ကို ဖိနှိပ်ရိုက်သွင်းထားတဲ့ ဝါဒတွေနဲ့ပတ်သက်လို့ အမှန်အမှားခွဲခြားနိုင်စေဖို့ ကျနော်လည်း တတ်သလောက် မှတ်သလောက် ပြောပြတယ်။ 

သူကလည်း နားလည် လက်ခံတယ်။ ကျနော်သိခဲ့ဖူးတဲ့ စစ်သားတွေထဲမှာတော့ အတော့်ကို အကျိုးအကြောင်း နားလည်သူ၊ အတွေးအမြင်ရှိသူလို့ ပြောလို့ရတယ်။ ဒီလိုလူမျိုးတောင် CDM မလုပ်တော့ ကျနော် အရမ်း အံ့ဩသွားတယ်။

" ငါ့မှာက မိန်းမနဲ့ကွ အခုက မိန်းမကလည်း ကိုယ်ဝန်နဲ့၊ ပြီးတော့ ငါဘယ်ကိုသွားရမလဲ။ ဘာလုပ်ရမလဲ။ ဒီအခြေအနေကြီးကို ငါလည်း မကြိုက်ဘူး။ ဒါပေမယ့် ဘာလုပ်ရမယ်ဆိုတာလည်း ငါမသိဘူး" လို့ ကျနော့်ကို အားနာတဲ့လေသံနဲ့ သူပြောပြတယ်။ 

ကျနော်တို့က တနယ်တည်းသား ငယ်ပေါင်းတွေပဲ။ သူအဲ့လောက်ပြောတာနဲ့တင် သူ့ဆိုလိုရင်းကို ကျနော် သဘောပေါက်တယ်။ သူ့မိဘတွေက မရှိမရှားဆိုသော်လည်း သူ့ကို ထောက်ပံ့နိုင်သူတွေ မဟုတ်။

စစ်တပ်ဆိုတာကလည်း နဂိုကတည်းက ထွက်လို့မလွယ်ရတဲ့အထဲ အာဏာသိမ်းပြီးတော့ အငြိမ်းစားတွေ ဘာတွေကိုတောင် နည်းမျိုးစုံနဲ့ ပြန်ခေါ်နေကြတဲ့ဟာဆိုတော့ ဒီတိုင်းထွက်လို့ကလည်း ဘယ်လိုမှမဖြစ်နိုင်။ ရွေးချယ်စရာဆိုလို့ စစ်တပ်ကထွက်ပြေးပြီး CDM လုပ် တောခိုဖို့ပဲရှိတယ်။ 

ဒါကို သူ မလုပ်နိုင်တာ။ ပညာတတ်ပြီး အသိဉာဏ်မခေါင်းပါးတဲ့သူဖြစ်ပေမယ့် ကိုယ်ကျိုးစွန့်ဖို့အထိတော့ သူမစွန့်စားရဲ။ ကျနော်တို့ နယ်ဘက်ကလူတွေကျတော့လည်း နဖူးတွေ့ဒူးတွေ့ မကြုံသ၍ကတော့ ကိုယ်လုပ်မှကိုယ်စားရမယ်ဆိုတဲ့စိတ်မျိုး ရှိကြတာကလည်းများတော့ သူ့မိဘတွေအနေနဲ့လည်း ဒါမျိုး တိုက်တွန်းမှာမဟုတ်။

အဲ့ဒီနောက်ပိုင်းမှာ ကျနော်တို့နယ်တွေ အပါအဝင် အညာဘက်တခွင်မှာ တော်လှန်စစ်တွေ စဖြစ်ကြတော့ ဘယ်နေရာမဆို စစ်ပွဲအသွင်ဆောင်လာကြတော့တယ်။ သတ်ကြ၊ သေကြ၊ တိုက်ပွဲတွေဖြစ်ကြနဲ့ အညာရဲ့ ဒယိမ်းဒယိုင် အခြေအနေတွေထဲမှာ အဆိုးရွားဆုံးကိစ္စတွေကတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါပဲ။ 

၂၀၂၂ နှစ်လယ်လောက်ကနေစပြီး အညာကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်လာခဲ့ကြရာကနေ ၂၀၂၃ အတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်လာပါတော့တယ်။ 

"၂၀၂၃ အတွင်း မြေလတ်ဒေသမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ" ဆိုတဲ့ မြေလတ်အသံရဲ့ ဆောင်းပါးမှာ ဖော်ပြထားတဲ့အချက်အလက်အရဆိုရင် ၂၀၂၃ တနှစ်တာအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၄၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရတယ်။ လက်ယက်ကုန်းတို့ ပဇီကြီးတို့ဆိုတာ အခုထိ လူတိုင်းစိတ်ထဲစွဲနေလောက်အောင် ထိတ်လန့်ခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေပဲပေါ့။

ဒီလိုအခြေအနေမျိုးတွေ ဆိုးရွားနေပေမယ့် ကျနော်တို့မြို့လေးကတော့ ထွေထွေထူးထူး ဘာမှ သိပ်မဖြစ်ဘူး။ တော်လှန်ရေးမှာ ပါဝင်မှုရှိကြပေမယ့် လက်နက်ကိုင်တိုက်ပွဲဝင်မှုနည်းတဲ့ မြို့တမြို့အဖြစ် တိုက်ပွဲတွေ မရှိသလောက်နီးပါးနဲ့ အင်မတန်မှ ငြိမ်ဝပ်ပိပြားတဲ့မြို့ပေါ့။ 

ဒါတောင် တခါတလေ စစ်တပ်က ရွာကိုဝင်ရင် တချို့ လူငယ်လူရွယ်တွေ ထွက်ပြေးကြရတာမျိုး ရှိပါသေးတယ်။ ကိုထွန်းကျော်တို့အိမ်လည်း တခါတလေတော့ ပြေးရမယ်ထင်တာပါပဲ။

သူ့ကိုခင်မင်ပြီး သူ့စိတ်သဘောထားကို သိပေမယ့် အခုထိ စစ်တပ်ထဲမှာ ဆက်ရှိနေသေးတာ ဘာကြောင့်လဲ သိချင်လို့  လွန်ခဲ့တဲ့သုံးလလောက်က ကိုထွန်းကျော်ဆီ နောက်တစ်ခေါက်ဖုန်းထပ်ဆက်ကြည့်လိုက်မိတယ်။ 

" ငါ ထွက်ပြေးဖို့ တွေးကြည့်ဖူးတယ် အကြိမ်ကြိမ်ပဲ၊ လမ်းကြောင်းအခြေအနေ မိသားစုအခြေအနေနဲ့ နောက်ဆက်တွဲအခြေအနေတွေမှာ ငါ့အနေနဲ့ရပ်တည်ဖို့ မဖြစ်နိုင်ဘူး၊ အခု ငါ့ကလေးက တစ်နှစ်သားလေးနဲ့ ငါ ဘယ်လိုပြေးမလဲ၊ ဒါပေမယ့် အခွင့်သာခဲ့ရင်လည်း ထွက်သွားနိုင်အောင် ရွှေလေးငွေလေးတော့ ပြင်ထားပါတယ်။" လို့ သူ့အခြေအနေကို သူ့အတွေးအတိုင်း ပြောပြတယ်။ 

ဒီအခြေအနေဆိုးကြီးကို အမြန်ဆုံးပြီးစေချင်တဲ့အကြောင်းနဲ့ ဘယ်ဘက်က နိုင်သွားတယ်ဆိုတာမျိုးထက်စာရင် အထိအခိုက်အနည်းဆုံးနဲ့ ပြေလည်သွားစေချင်တယ်လို့လည်း ပြောတယ်။ 

အညာမှာဖြစ်နေတဲ့ အဖြစ်ဆိုးတွေနဲ့ပတ်သက်ပြီးတော့လည်း " အညာမှာ အစုလိုက်အပြုံလိုက်အသတ်ခံရတာတွေ လေကြောင်းတိုက်ခိုက်တာတွေကို သတင်းတွေတွေ့တိုင်း ပြည်သူတွေ သေနေတာကို စိတ်မကောင်းဖြစ်ရ ခံစားရတယ်။ ကိုယ်တိုင်စစ်သားဖြစ်နေပေမယ့် စစ်တပ်က ဒါမျိုး မလုပ်ဘူးဆိုပြီး ငြင်းမယ့်သူမျိုးတော့မဟုတ်ပါဘူးကွာ။ လေယာဉ်နဲ့ကြဲနေတာတော့ ငါတို့လည်း သိပါတယ်။ မြေပြင်မှာ သတ်နေတဲ့အခြေအနေတွေကျ လက်လှမ်းမမီတော့ သေချာတော့ မသိဘူးပေါ့ကွာ။" လို့ သူက ပြောတယ်။

တကယ်တမ်းကျတော့ သူကိုယ်တိုင်လည်း အညာကိုမရောက်နိုင်တာ ၂ နှစ်ကျော်နေပြီလို့ သိရတယ်။ စစ်တပ်က ခွင့်မပေးတာလည်းရှိသလို အခြေအနေအရ သူကိုယ်တိုင်လည်း မပြန်ရဲတော့ဘူးလို့ ဝန်ခံတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်လေ စစ်သားဆိုတာသိရင် တော်လှန်ရေးရဲဘော်တွေက လက်လှမ်းမီသလောက် သူတို့လုပ်စရာရှိတာလုပ်မှာပဲ မဟုတ်လား။ 

ဒါကို သူလည်း ကောင်းကောင်းသိတယ်။ ပြီးတော့ တချို့နေ့တွေမှာ သူတို့ရွာကို စစ်တပ်ဝင်တဲ့အချိန်မှာ ရွာကလူတွေ ထွက်ပြေးကြရပေမယ့် အသက်ကြီးပြီဖြစ်တဲ့ သူ့အဖေနဲ့အမေကတော့ မပြေးနိုင်လို့ စိတ်ပူရကြောင်းတွေအပြင် "စစ်တပ်ကကောင်တွေကို မယုံဘူးကွာ၊ ဒီကောင်တွေက ဘာမှ အာမခံလို့ရတာ မဟုတ်ဘူး"လို့ ပြောပြတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေအပါအဝင် ခုခံစစ်ကနေမှတဆင့် တော်လှန်စစ်အထိ ဖြစ်လာခဲ့တဲ့ တော်လှန်ရေးကာလတွေမှာ ပါဝင်ခဲ့ကြသူအားလုံးဟာ ထုတ်ဖော်မပြောကြပေမယ့်လည်း ကိုယ်စီကိုယ်ငှ တတ်စွမ်းသလောက် စွန့်လွှတ်ခဲ့ရ ပေးဆပ်ခဲ့ရသူတွေ ချည်း ပါပဲ။ 

ကိုယ့်ရဲ့ ဖြစ်တည်မှုတွေ၊ ရည်မှန်းချက်တွေ၊ အိမ်မက်တွေအကုန်လုံးကို လွှတ်ချပြီး ဒီတော်လှန်ရေးထဲကို ခြေစုံပစ် ပါဝင်လာခဲ့ကြရတဲ့ အလွှာစုံ နယ်ပယ်စုံက အရွယ်စုံလူတန်းစားတွေရှိသလို အခြားတဖက်မှာလည်း အတိုင်းအတာတခုအထိ တတ်နိုင်သလောက် ထောက်ပံ့ကူညီကြသူတွေလည်း ရှိနေကြဆဲပါ။ 

ဒါ့အပြင် ကိုထွန်းကျော်တို့လို " ငါတို့ကတော့ စစ်မတိုက်ရဘူး၊ သတ်တာဖြတ်တာတွေမှာလည်း ပါဝင်မနေဘူးဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ် ညာပြီး ဖြေသိမ့်နေရတာပါပဲကွာ" ဆိုတဲ့ စစ်သားအချို့လည်း ရှိနေပါသေးတယ်။ 

စစ်တပ်ယန္တရားအောက်မှာ စစ်ဝတ်စုံဝတ်ပြီး နေ့စဉ်သစ္စာဆိုအလေးပြုနေတဲ့ စစ်ကောင်စီပင်နယံတခုအဖြစ် ရပ်တည်နေတဲ့သူ့ကို တနေ့နေ့ တိုက်ပွဲတွေ ကိုယ့်ဆီရောက်လာတဲ့အခါ ဘယ်လိုရင်ဆိုင်မလဲလို့ မေးကြည့်မိ တော့ သူစဉ်းစားထားတဲ့အကြောင်းအရာကို အခုလို ပြောပြပါတယ်။

" တိုက်ပွဲဖြစ်လည်း လက်နက်တိုက်ကနေ သေနတ်သွားထုတ်ချိန်တောင်ရပါ့မလား မသိပါဘူးကွာ။ သေနတ်ရလည်း မတိုက်ပါဘူး။ ဦးစားပေးကတော့ ပြေးဖို့ပဲ။ ပြေးဖို့ အချိန်မီရင်ပေါ့"

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #စစ်တပ် #စစ်သား #CDM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10