သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာက လယ်မြေတွေမှာ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ ရေကြီးမြေပြိုမှုကြောင့် နုန်းမြေနဲ့ အမှိုက်တွေဖုံးလွှမ်းနေပြီး ယနေ့နိုဝင်ဘာ ၂၂ ရက်အထိ ပြန်မဖော်နိုင်သေးလို့ စိုက်ပျိုးမရဖြစ်နေတယ်လို့ ဒေသခံတောင်သူတွေထံ က သိရပါတယ်။
မြေပြိုမှုကြောင့် မြင်းနားရွာအနီးက လယ်မြေဧက ၁၀၀၀ ကျော်မှာ အမြင့် ၃ ပေကနေ ၆ ပေအထိရှိတဲ့ နုန်းမြေထုနဲ့ အမှိုက်တွေဖုံးလွှမ်းနေတာဖြစ်ပြီး လူနဲ့ဖယ်ရှားလို့ မရနိုင်တာကြောင့် ၂ လ ကြာအထိ ဖုံးလွှမ်းနေတာလို့ ဆိုပါတယ်။
" အမှိုက်တွေ ဒိုက်တွေတအားများနေတာ။ နုန်းထိုးတာကျတော့လည်း ပေနဲ့တွက်မယ်ဆိုရင် ၅ ပေလောက်တက်နေတော့ နုန်းတွေကို ထယ်မထိုးရဲဘူး။ အမှိုက်တွေ ဒိုက်တွေက တချို့နေရာ ၆ ပေ၊ အနည်း ဆုံး ၃ ပေ ၄ ပေ။ ကျပ်သိပ်နေတော့ လက်နဲ့ဖယ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ စက်ယန္တယားမသုံးရင် လူနဲ့ ဖယ်မရဘူး" လို့ ဒေသခံတောင်သူအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
ရာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်ကစတင်ကာ ရမည်းသင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံ၊ မြေပြိုတာတွေဖြစ်ပွားခဲ့လို့ မြင်းနားအပါအဝင် ကျေးရွာ၊ ရပ်ကွက် ၉၀ ကျော်မှာ ရေဘေးသင့်ခဲ့ပြီး ရေပြန်ကျသွားချိန်မှာ စိုက်ပျိုးလယ်မြေတွေအပေါ် ပြိုကျတဲ့မြေကြီးတွေနဲ့ ဒိုက်(အမှိုက်)တွေ ဖုံးလွှမ်းခဲ့တာပါ။
လယ်မြေနဲ့ ယာမြေတွေအပေါ် ဖုံးအုပ်ထားတဲ့ခဲ့တဲ့ နုန်းမြေတွေနဲ့ အမှိုက်သရိုက်တွေက ထုထည်များလွန်းတာကြောင့် ရေကျပြီး ၂ လကြာတဲ့အထိ ပြန်မဖော်နိုင်သေးလို့ စိုက်ပျိုးသီးနှံတွေ ပြန်လည်စိုက်ပျိုးနိုင်တာမရှိဘဲ ပစ်ထားရတယ်လို့ ဆိုပါတယ်။
စက်ယန္တရားတွေနဲ့ ဖယ်ရှားကာ စိုက်ပျိုးမြေတွေကို ပြန်တူးဖော်လို့ရနိုင်ပေမယ့် ဘက်ဟိုး(မြေတူးစက်) စက်ကြီးတွေငှားရမ်းခမှာ စက်မောင်းချိန် ၁ နာရီအတွက် ကျပ် ၁ သိန်းကုန်ကျမှုရှိပြီး မြေတူးစက် ၁ နာရီ လုပ်ဆောင်မှ ၁၀ ပေပတ်လည်ခန့်သာ တူးဖော်နိုင်တဲ့အတွက် ကုန်ကျစရိတ်များပြားတာကြောင့် မတူးဖော်နိုင်တာလို့ ဆိုပါတယ်။
" ငွေနိုင်သူတွေက လုပ်ကြသေးတယ်။ နဂိုမြေသားရောက်ဖို့မပြောနဲ့ အဲဒီဒိုက်ကို ပထမတလွှာလောက် ကုတ်တာတောင် ၁၀ သိန်းလောက်ကုန်သွားတော့ စိတ်ဓာတ်တွေကျကုန်ပြီး ဆက်မလုပ်ကြတော့တာ "လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ စိုက်ပျိုးမြေတွေ ပျက်စီးမှုအခြေအနေတွေကို စစ်ကောင်စီအာဏာပိုင်တွေဘက်က ရေကြီးရေလျှံ၊ မြေပြိုမှုတွေဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလအတွင်း တကြိမ်သာလာရောက်ကြည့်ရှုခဲ့ပေမယ့် လက်ရှိကာလအထိ ထပ်မံလာရောက်တာမျိုးမရှိသလို ကူညီလုပ်ဆောင်ပေးတာလည်း မရှိဘူးလို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုအတွင်း စိုက်ခင်းတွေပျက်စီးတာ၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးကုန်တာတွေကြောင့် လက်ရှိမှာ လယ်မြေတွေပေါ်တင်နေတဲ့ နုန်းမြေတွေကို ပြန်လည်ရှင်းလင်းဖို့ ကုန်ကျစရိတ်အတွက် ဒေသခံတောင်သူတွေအနေနဲ့ ငွေကြေးမတတ်နိုင်ဖြစ်နေတာကြောင့် စိုက်ပျိုးမြေတွေ ပြန်လည်တူးဖော်နိုင်ရေး စက်ယန္တရား အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
ရေကြီးမှုကြောင့် မိုးသီးနှံစိုက်ခင်းအားလုံးပျက်စီးခဲ့ရသလို နုန်းမြေတွေကို လယ်ယာမြေတွေပေါ်ကနေ မရှင်းလင်းနိုင်သေးလို့ ဆောင်းသီးနှံတွေကိုလည်း ထပ်မံမစိုက်ပျိုးနိုင်သေးတာကြောင့် ဒေသခံတောင်သူတွေအနေနဲ့ အလုပ်အကိုင်မဲ့နေကာ လာရောက်လှူဒါန်းသူတွေ ပေးကမ်းတာတွေလောက်ကိုသာ မှီခို စားသောက်နေကြရတယ်လို့ သိရပါတယ်။
သဘာဝဘေးမဖြစ်ပွားမီ မြင်းနားကျေးရွာတောင်သူတွေဟာ အဆိုပါ စိုက်ပျိုးလယ်ယာမြေတွေပေါ်မှာ စပါး၊ ပဲ၊ မြေပဲ၊ ငရုတ်၊ ဝါ၊ ပြောင်းဖူးစတဲ့ သီးနှံတွေကို အလှည့်ကျအများဆုံးစိုက်ပျိုးပြီး ထွက်ရှိလာတဲ့ သီးနှံတွေကို ရောင်းချကာ စားဝတ်နေရေးအတွက် ဖြေရှင်းခဲ့ကြရတာပါ။
ဒေသခံအများစုဟာ စိုက်ပျိုးရေးကိုအမှီပြုပြီး သီးနှံစိုက်ပျိုးတာ၊ နေ့စားအငှားလိုက်တာ စတဲ့အလုပ်တွေနဲ့ စားဝတ်နေရေးကို အဓိကဖြေရှင်းနေရတာဖြစ်လို့ လယ်ယာတွေ ပြန်မစိုက်နိုင်တာကြောင့် အများစု အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။
မြင်းနားကျေးရွာဟာ အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ကျေးရွာဖြစ်ပြီး စက်တင်ဘာလ ရေကြီးရေလျှံမှုအတွင်း လူ ၂ ဦးသေဆုံးခဲ့ကာ နေအိမ် ၄၀ ခန့်ပျက်စီးခဲ့ပြီး ဒေသခံတွေပိုင်ဆိုင်တဲ့ ကျွဲ၊ နွားတွေအပါအဝင် တိရစ္ဆာန်အများအပြား သေဆုံး၊ ပျောက်ဆုံးခဲ့တဲ့အပြင် ဆိုင်ကယ်၊ ကား၊ အိမ်ထောင်ပရိဘောဂ၊ သီးနှံမျိုးစပါး စတဲ့ပစ္စည်းတွေလည်း ပျက်စီး၊ ပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မန္တလေး #ရမည်းသင်း #ရေကြီး #တောင်သူ #အလုပ်လက်မဲ့
Share Share Share