ရေကြောင်းကနေတိုက်ခိုက်ခံရလို့ သေဆုံးတဲ့ စစ်သားတွေကို ကသာမှာသင်္ဂြိုဟ်

ရေကြောင်းကနေတိုက်ခိုက်ခံရလို့ သေဆုံးတဲ့ စစ်သားတွေကို ကသာမှာသင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ သဖန်းကိုင်းမြစ်ဆိပ်မှာ  စစ်သင်္ဘောတွေ ကမ်းကပ်ထားပြီး သေဆုံးစစ်သားအလောင်းတွေကို ကသာသင်္ချိုင်းမှာ သင်္ဂြိုဟ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ သင်္ဘော ၅ စီးဟာ စက်တင်ဘာလ ၂ ရက် မနေ့ကမနက်ပိုင်းမှာ ကသာမြို့နယ်ထဲကို ဝင်ရောက်လာတာဖြစ်ပြီး ကမ်းကပ်ချိန်အလောင်းတွေကို ကားနဲ့သယ်ယူပြီး သင်္ဂြိုဟ်နေတာလို့ ဆိုပါတယ်။

“ဘုန်းကြီးကျောင်းက ကား ၂ စီးနဲ့ အလောင်းတွေကို တာလပတ်အုပ်ပြီး သယ်သွားတယ်၊ ဘယ်နှလောင်းလဲတော့မသိဘူး၊ များတယ်လို့ ပြောတယ်၊ အဲ့တာ ရေကြောင်းကနေပါခဲ့တဲ့ စစ်သားတွေ သေတဲ့ဟာပေါ့၊ ကသာသင်္ချိုင်းမှာ သင်္ဂြိုဟ်တယ်။” လို့ ကသာဒေသခံအမျိုးသမီးက ပြောပါတယ်။

အဆိုပါ စစ်သင်္ဘော ၅ စီးဟာ ထီးချိုင့်ကနေ ကသာဘက်ထွက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်က ရေလမ်းတလျှောက် လိုက်လံတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး သင်္ဘော ၅ စီးထဲက ၃ စီးတိုက်ခိုက်ခံရကာ သင်္ဘော ၁ စီးကတော့ မီးလောင်ပျက်စီးပြီး သင်္ဘောပေါ်ပါ စစ်သားတွေလည်း သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီ စစ်သင်္ဘောတွေဟာ ဩဂုတ် ၂၈ ရက်မှာ မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်ခွာ လာကြတာဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှာ ထီးချိုင့်၊ ပန်းဝါဆိပ်ကမ်းမှာ ကမ်းကပ်ပြီးနောက် စစ်အင်အား ၁၇၀ ကျော်ချထားခဲ့ပြီး မနေ့ကတော့ ကသာမြို့၊ သဖန်းကိုင်းရွာဆိပ်ကမ်းမှာ ကမ်းကပ်ကာ လက်နက်ခဲယမ်းတွေကို ကားပေါ်တင်ယူနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် သဖန်းကိုင်းမြစ်ဆိပ်မှာ ကမ်းကပ်ချိန် အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နတ်ရေတွင်းကျေးရွာက ပြည်သူ ၂ ဦး ထိမှန်သေဆုံးခဲ့သလို ကမ်းနီရွာက နေအိမ်တချို့နဲ့ ကလုံရွာမှာ စက်လှေတချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ရေကြောင်းက လက်နက်ကြီးနဲ့ထုလို့ သေတဲ့အရပ်သားက နတ်ရေတွင်းက ၂ယောက်၊ အိမ်ပေါ် တည့်တည့်ကျတာ၊"လို့ ကသာဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

အဆိုပါ သင်္ဘောတွေဟာ လက်ရှိ သဖန်းကိုင်းမြစ်ဆိပ်မှာပဲ ကမ်းကပ်ထားဆဲဖြစ်ပြီး ဘယ်ဘက်ကို ဆက်လက် ထွက်ခွာမလဲကတော့ စောင့်ကြည့်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ထီးချိုင့် #စစ်ကောင်စီ #ပစ်ခတ် #ပြည်သူသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10