ရေကြောင်းဖြတ်သန်းခွန်ထဲက သိန်း ၃၀၀ ကျော်ကို စစ်ဘေးရှောင်တွေအတွက် လှူတန်း

ရေကြောင်းဖြတ်သန်းခွန်ထဲက သိန်း ၃၀၀ ကျော်ကို စစ်ဘေးရှောင်တွေအတွက် လှူတန်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသမှာရှိတဲ့ ကျေးရွာ ၂၇ ရွာက မီးဘေး၊ စစ်ဘေးသင့် အိမ်ထောင်စုတွေအတွက် ဒေသခံအဖွဲ့အစည်းတွေစုပေါင်းပြီး ငွေကြေးထောက်ပံ့မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

မေလ ၃၀နဲ့ ၃၁ ရက် ၂ ရက်ဆက်တိုက် လှူတန်းမှုတွေ လုပ်ခဲ့တာဖြစ်ပြီး စစ်ကြောင်းဝင်ချိန် ဒဏ်ရာရရှိတဲ့သူတွေကိုလည်း ကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ရေလည်ကျွန်းဒေသတပ်ပေါင်းစု တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုစိုးက ဆိုပါတယ်။

“ဒေသဖြတ်သန်းခွင့် ကောက်ခံမှုကနေ ရရှိတဲ့ငွေနဲ့ ဒီအလှူကိုလုပ်တာပါ၊ သွားလှူချိန်မှာလည်း စစ်ကြောင်းက အကုန်ဖျက်စီးသွားတော့ နေစရာအိုးအိမ်မရှိ၊ ငို‌ယိုနေကြတာတွေပဲ မြင်ခဲ့ရတယ်၊ လက်နက်ကြီးထိမှန်ထားတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေလည်း ရှိသေးတယ်"လို့ ပြောပါတယ်။

ရေကြောင်းဖြတ်သန်းခွန်ဆိုတာဟာ ရေလည်ကျွန်းဧရိယာတဝိုက်ရှိ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်အတွင်း ဖြတ်သန်းသွားလာနေ‌တဲ့ ရေယာဉ်တွေမှာ စစ်ကောင်စီထုတ်ကုန်တွေ ပါမပါစစ်ဆေးပြီးနောက် သတ်မှတ်ဧရိယာအတွင်း အန္တရာယ်ကင်းစွာဖြတ်သန်းသွားလာနိုင်ဖို့အတွက် သက်ဆိုင်ရာ ကာကွယ်ရေးတပ်တွေက ငွေကြေးနှုန်းထားအနည်းငယ် ကောက်ခံတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင် တအိမ်ထောင်ကို ၅၀၀၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စု ၆၉၀ စု၊ စစ်ကြောင်းဝင်ချိန် လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ ပြည်သူ ၅ ဦးအတွက်လည်း တဦးကို ၃ သိန်းစီ လှူတန်းခဲ့ပြီး စုစုပေါင်း လှူဒါန်းငွေ သိန်း ၃၆၀ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

ရေလည်ကျွန်းဒေသက ကံဦး၊ မိုးဖြူ၊ မိုးကွဲ၊ ကိုင်း၊ မြေစွန်း၊ ဆည်သည့်မြင်၊ ညောင်‌မွှေး၊ မြေတော်၊ ဘုန်းတော်ပြည့်၊ မိဖုရား၊ မဲကုန်း၊ တောင်ကုန်း၊ ချင်းယား၊ ညောင်ပင်၊ ဝါဘိုး၊ သဲအင်း၊ နန်းဦး၊ ချောင်းတော်ဘက်၊ ရေယှား၊ လှေခုတ်၊ ပေါက်အူ၊ ဆင်တဲ၊ ခြံယာ၊ ကျွန်းညို၊ နတ်ပေး၊ မြောက်ရွာ၊ နွယ်နီ စတဲ့ ကျေးရွာတွေကို ထောက်ပံ့လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

တပ်ပေါင်းစုအနေနဲ့လည်း ကောက်ခံရရှိထားတဲ့ အလှူငွေထဲကနေ ကာကွယ်ရေးမှာ ၇၀ ရာခိုင်နှုန်း၊ ပညာရေး ၁၀ ရာခိုင်နှုန်း၊ ကျန်းမာရေး ၁၀ ရာခိုင်နှုန်းနဲ့ လူသားစာနာအတွက် ၁၀ ရာခိုင်နှုန်း သုံးစွဲနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရေလည်ကျွန်းဒေသကို မေလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ စစ်ကြောင်းဝင်ရောက်ခဲ့လို့ ကျေးရွာ ၁၄ ရွာ မီးရှို့ခံခဲ့ရပြီး ပြည်သူ ၅ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #‌‌ရေစကြို #ရေလယ်ကျွန်း #လှူဒါန်း #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10