ရေစကြိုကရွာတရွာကို စစ်တပ်ကဝင်စီးပြီး ပစ္စည်းတွေယူသွား

ရေစကြိုကရွာတရွာကို စစ်တပ်ကဝင်စီးပြီး ပစ္စည်းတွေယူသွား

 
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကောင်စီတပ်တွေကစီးနင်းဝင်ရောက်ပြီး ဘုန်းကြီးကျောင်းထဲကပစ္စည်းတွေကို ဖျက်ဆီးသွားတဲ့အပြင် နေအိမ်တွေထဲကပစ္စည်းအချို့ကိုလည်း ယူသွားတယ်လို့ သိရပါတယ်။
အင်အား ၃၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၂၃ ရက်မနေ့ကညနေ ၄ နာရီလောက်မှာ သဲတောရွာကိုရောက်ရှိလာပြီး ရွာထဲကိုမဝင်ခင်မှာ လက်နက်ငယ်တွေ၊ ၄၀ မမ လက်ပစ်ဗုံးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ Southern Yesagyo PDF ဗိုလ်အောင်မောင်းက ပြောပါတယ်။
“ရွာကလူတွေကတော့ သေနတ်ဖောက်သံတွေကြားတော့ ကြောက်လန့်ပြီးထွက်ပြေးကြတယ်၊ ပြည်သူတွေ ထွက်ပြေးကြတဲ့အခါ စစ်အုပ်စုကရွာထဲဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးကြတယ်၊ ရွာထဲက ဆိုင်ကယ် ၄ စီး၊ ဝက် ၁ ကောင်ပါသွားတယ်။ ပြည်သူတယောက်အိမ်က ရွှေ ၅ ကျပ်သားလည်းပါသွားတယ်၊ ဘုန်းကြီးကျောင်းက သာသနာပိုင်ပစ္စည်းတွေ ရိုက်ခွဲသွားတယ်၊ သူတို့မလိုချင်တဲ့ ဆိုင်ကယ်တွေကို သေနတ်‌တွေနဲ့ပစ်ပြီး ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။
ခုလိုဝင်ရောက်လာတာဟာ ကျောက်လှေခါးရွာမှာအခြေစိုက်နေတဲ့ စစ်သားတွေနဲ့ ဆင်ချောင်းရွာက ပျူစောထီးတွေဖြစ်တယ်လို့ ဆိုပါတယ်။
သဲတောရွာမှာအိမ်ခြေ ၅၀၀ ကျော်နဲ့ လူဦးရေ ၃ ထောင်ဝန်းကျင်ရှိပြီး ၂၅၀၀ ကျော်က အရင်လတွေကတည်းက ရွာကနေ ထွက်ပြေးတိမ်ရှောင်နေရသလို ကျန်တဲ့ရွာသားတွေကတော့ မနေ့ကမှ ထွက်ပြေးတိမ်းရှောင်သွားကြရတာလို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10