ရေစကြိုက စုပေါင်းရုံးဝန်း ရှေ့ထွက်လောင်ချာနဲ့ပစ်ခံရ

ရေစကြိုက စုပေါင်းရုံးဝန်း ရှေ့ထွက်လောင်ချာနဲ့ပစ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့ အမှတ် ၂ ရပ်ကွက်ရှိ စုပေါင်းရုံးဝန်းထဲမှာရှိတဲ့ ရဲနဲ့ စစ်သားတွေကို မတ်လ ၁၈ ရက်မနေ့ညပိုင်းမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက အဝေးပစ်ရှေ့ထွက်လောင်ချာနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
 
ခလရ ၂၅၈ က တပ်သားတွေအပါအဝင် စစ်သားနဲ့ရဲအင်အား ၂၀၀ ဝန်းကျင်ရှိနေတဲ့ အဲ့ဒီရုံးဝန်းထဲကို မနေ့ည ၇ နာရီခန့်မှာ ပစ်ခတ်ခဲ့ကြတာလို့ Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ပြောပါတယ်။
 
“အင်အားက အယောက် ၂၀၀ ကျော်ရှိတာ။ ကျနော်တို့ ရှေ့ထွက်လောင်ချာနဲ့ သွားပစ်တာ။ မနေ့က ၇ နာရီထိုးမှာပစ်တာ၊ ၁ ချက်ထဲပဲပစ်ခဲ့တာ၊ အနီးကပ်ပစ်ခတ်နိုင်ခဲ့တာ၊ ထိခိုက်သေဆုံးမှုကိုတော့ မစုံစမ်းရသေးဘူး” လို့ ပြောပါတယ်။
 
ပစ်ခတ်မှုကြောင့် ရုံးဝန်းအတွင်းရှိ အဆောက်အဦအချို့မီးလောင်ပျက်စီးခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
 
အဲ့ဒီစုပေါင်းရုံးဝန်းကို တိုက်ခိုက်တာဟာ ခုတကြိမ်နဲ့ဆို ၄ ကြိမ်မြောက်ရှိပြီး၊ စစ်ကောင်စီဘက်က ၂၅ ဦးနဲ့အထက်သေဆုံးခဲ့တယ်လို့လည်း ဗိုလ်မိုက်ခဲက ပြောပါတယ်။
 
ပြီးခဲ့တဲ့မတ်လ ၆ ရက်ကလည်း ရေစကြိုနယ်ရှိ MBT စခန်းအတွင်း စစ်ကြောင်းထိုးဝင်လာတဲ့ စစ်သားတွေမိုင်းဆွဲခံရပြီး ၄ ဦးသေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။
 
ရေစကြိုမြို့နယ်အတွင်းမှာ စစ်ကောင်စီအဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ မကြာခဏထိတွေ့မှုဖြစ်နေသလို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ ပစ်ခတ်တိုက်ခိုက်တာခံနေရပြီး၊ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်တပ်သတင်းပေး ဆိုသူတွေလည်း ပစ်ခတ်ရှင်းလင်းခံနေရတာပါ။
 
မတ်လ ၁၈ ရက်မနေ့ကမနက်ပိုင်းမှာလည်း ရေစကြိုအခြေစိုက် ခလရ ၂၅၆ အနီး ကင်းစောင့်နေသူတွေကို ရေစကြိုမြို့နယ်-ပ.က.ဖ အဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ရာ အသက် ၇၀ နှစ်အရွယ် စစ်မှူးထမ်းဟောင်း ဦးကျောက်ခဲဆိုသူ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
 
 
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10