ရေစကြိုတိုက်ပွဲမှာ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်အုပ်စုဆီက လက်နက်ခဲယမ်းတွေသိမ်းဆည်းခံရ

ရေစကြိုတိုက်ပွဲမှာ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်အုပ်စုဆီက လက်နက်ခဲယမ်းတွေသိမ်းဆည်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးကုန်းကျေးရွာကထွက်လာတဲ့ ခလရ ၂၅၆ က စစ်ကောင်စီတပ်သားတွေနဲ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

ဒီစစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက် မနေ့ကမနက်ပိုင်း ၅ နာရီ ၁၅ မိနစ်လောက်မှာ ဇီးကုန်းရွာနဲ့ ဇီးကုန်းကျွန်းရွာကြားမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ဒီကောင်တွေက ဇီးကုန်းကျေးရွာထဲကို စတင်ဝင်ရောက်တာ။ ကျနော်တို့ရဲဘော်တွေက အသင့်စောင့်ရင်း ၁ နာရီခွဲအကြာထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာ။ တိုက်ပွဲကတော့ ၆ နာရီခွဲမှ ပြီးသွားတာ။ ကျနော်တို့ နေရာမှာတင် ၆ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်။ ကျန်တဲ့ ၂ လောင်းကတော့ ချောင်းထဲကို မျှောပါသွားတယ်”လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ ဦးနဲ့ ရေစကြိုမြို့နယ်ပကဖ ရဲဘော် ၁ ဦးသေဆုံးခဲ့ပြီး နောက်ထပ်ကာကွယ်ရေးရဲဘော် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဆီက MA 3 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ MA 11 ၁ လက်၊ ကျည်ဘောက် ၃ ခု ၊ ၅.၅၆ ကျည် ၂၇၅ တောင့်၊ အီနာဂါဗုံးသီး ၁ လုံးနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်ပြီးနောက် စစ်ကြောင်းဟာ ဇီးကုန်းရွာမှာ ၁ ညအိပ်တပ်စွဲခဲ့ပြီး နောက်နေ့မနက်ပိုင်းမှာ ဆင်ချောင်းကျေးရွာဘက်ကို ပြန်သွားတယ်လို့သိရကြောင်း အထက်ပါတာဝန်ခံက ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကလည်း ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာကထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ရေစကြိုပကဖ က ကုန်းတလင်းကျေးရွာနဲ့ ဇီးကုန်းကျေးရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #ရေစကြိုပကဖ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10