ရေစကြိုနယ်မှာ စစ်ကောင်စီတပ် ၂ ကြိမ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

ရေစကြိုနယ်မှာ စစ်ကောင်စီတပ် ၂ ကြိမ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းမှာ ဧပြီလ ၅ ရက် မနေ့က မနက်ပိုင်းနဲ့ ညပိုင်းတို့မှာပဲ စစ်ကောင်စီတပ်တွေ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု‌တွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ပ.က.ဖ အဖွဲ့ကနေ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ခလရ ၂၅၇ တပ်ထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၃၀ စစ်ကြောင်းကို ရေစကြိုမြို့အဝင် သင်္ချိုင်းကုန်းမြောက်ဘက် တာဘောင်အောက်မှာ မနက် ၇ နာရီခွဲအချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ပ.က.ဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။


"ခလရ ၂၅၇ တပ်ထဲကနေ ရေစကြိုမြို့ပေါ်ထွက်လာတဲ့အချိန် ရေစကြိုမြို့အဝင် သင်္ချိုင်းကုန်းမြောက်ဘက် တာဘောင်အောက်မှာ အသင့်ထောင်ထားတဲ့ မိုင်း ၆ လုံးနဲ့ဆွဲတိုက်ခိုက်ခဲ့တာပါ။ ၅ ယောက်လွင့်စဥ် သေပြီး ၁ ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်" လို့ ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် အဲ့ဒီစစ်ကြောင်းကပဲ ညပိုင်း ၈ နာရီ ၃၄ မိနစ်ခန့်မှာ စစ်သား ၄ ဦး အမှတ် ၁ ထင်းတန်းရပ်ကွက်ထဲ ကင်းလှည့်ပြီးအပြန် နဂါးရုံဘုန်းကြီးကျောင်းထောင့်မှာ ထိုင်နားနေချိန် မိုင်းဆွဲလိုက်လို့ စစ်ကောင်စီတပ်ဘက်က ၄ ဦး သေဆုံးတယ်လို့ ဆက်ပြောပါတယ်။

"ထိုင်နေချိန် ဆွဲလိုက်တာ ဘာမှပြန်မလုပ်နိုင်ဘူး။ ကျနော်တို့ရဲဘော်တွေက ဂန်းရမလားလို့အနားကပ်ကြည့်ပေမဲ့ တောင်ဘက်လမ်းက အင်အား ၃၀ နဲ့ထပ်ဖြန့်လာလို့ ပြန်ဆုတ်ခဲ့ရတယ်" လို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ ရေစကြိုမြို့ပေါ်ပြန်သွားကြတယ်လို့ သိရပြီး သေဆုံးမှုတွေကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်‌နေ့ကလည်း ရေစကြိုမြို့နယ် မအူရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ပ.က.ဖ အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၂၄ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10