ရေစကြိုနဲ့ မြိုင်မှာ တိုက်ခိုက်ခံရလို့ စစ်သား ၅ ဦးသေဆုံးဟုဆို     ■ သေနတ် ၃ လက်နဲ့ကျည်တွေကိုလည်း ကာကွယ်ရေးအဖွဲ့တွေ သိမ်းဆည်း

ရေစကြိုနဲ့ မြိုင်မှာ တိုက်ခိုက်ခံရလို့ စစ်သား ၅ ဦးသေဆုံးဟုဆို  ■ သေနတ် ၃ လက်နဲ့ကျည်တွေကိုလည်း ကာကွယ်ရေးအဖွဲ့တွေ သိမ်းဆည်း

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၂၀ ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာ လင်းကတောရွာအနီး မိုင်းထောင်နေချိန် ဇန်နဝါရီ ၂၈ ရက်မနက် ၁၀ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ရေစကြိုကနေထွက်လာတဲ့ စစ်ကြောင်းပါ၊ လင်းကတောရဲစခန်းထဲကိုဝင်နေတာ၊ ဒီနေ့မနက်ကျ ရွာထဲကို ရိက္ခာလျှောက်ယူရင်းနဲ့ ရွာထဲကိုပြန်တဲ့အချိန် နင်းမိုင်းထောင်နေတာကို ကျနော်တို့ တော်လှန်ရေးအဖွဲ့ ကင်းပုန်းကတွေ့ပြီး မနက် ၁၀ နာရီဝန်းကျင်မှာပစ်ခတ်ခဲ့တာ” လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး BA 63 သေနတ် ၂ လက်လည်း သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီပစ်ခတ်တိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဆားလင်းကြီး SSTF တပ်ဖွဲ့၊ မြိုင်ပကဖ-မြောက်ပိုင်းဇုန်၊ ပေါက်-မြိုင်စုဖွဲ့မှုအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လင်းကတောရဲစခန်းထဲကို ပြန်ဆုတ်ခွာသွားကြတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။ 

ဒါ့အပြင် မြိုင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ မန္တလေးဂိတ်ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကိုလည်း အဲ့ဒီနေ့နေ့လယ် ၁၁ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ 

မြိုင်ပကဖ၊ ကိုလင်းမြွေတပ်ဖွဲ့နဲ့ ကိုဆံရှည်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး  တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နဲ့ ကျည် ၁၇ တောင့် သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးမှုတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာတွင် အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ရေစကြို #မြိုင် #စစ်ကောင်စီ #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10