ရေစကြိုဘက်ကရွာ ၁ ရွာကို စစ်တပ်ကစစ်ကြောင်းထိုးမီးရှို့လို့ လူဦးရေ ၉၀၀ ကျော် ရွာပြင်ထွက်ပြေးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ ရေစကြိုမြို့ ဒေသခံတွေဆီက သိရပါတယ်။ 

တိုက်ပွဲဖြစ်တာမရှိဘဲ ဒီဇင်ဘာ ၁ ရက် မနေ့က မနက် ၅ နာရီခွဲလောက်မှာ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပစ်ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ကမ္ဘဲ့ရွာကို ဝင်ရောက်မီးရှို့တာကြောင့် အိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းခဲ့သလို ဖမ်းဆီးခံရတဲ့ ဒေသခံတွေလည်း ရှိတယ်လို့ ရေစကြိုမြို့ ဒေသခံတဦးက ပြောပါတယ်။ 

အဲဒီနေ့ မနက် ၆ နာရီလောက်ကတည်းက ရေစကြိုမြို့ စုပေါင်းရုံးထဲကနေလည်း လက်နက်ကြီးတွေနဲ့ ရေစကြိုမြို့ တောင်ဘက်ကရွာတွေကို လှမ်းပစ်တယ်လို့လည်း ပြောပါတယ်။

 

မီးရှို့ခံရတဲ့ ကမ္ဘဲ့ရွာက လူဦးရေ ၉၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေကြကာ စစ်ကောင်စီစစ်ကြောင်းဟာ တနေကုန်မီးရှို့ပြီး ပြန်ထွက်သွားကြတယ်လို့ သိရပါတယ်။

အဲ့ဒီနေ့မှာပဲ ကမ္ဘဲ့ရွာနဲ့ မလှမ်းမကမ်းက သမန္တပို့ရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ နေအိမ် ၁ လုံးပေါ်ကျရောက်ပေါက်ကွဲကာ အသက် ၃၂ နှစ်အရွယ် မရီရီနွယ်ဟာ ဦးခေါင်းနဲ့ ခြေတောက်မှာ ကျည်စထိမှန်ဒဏ်ရာရပြီး အသက် ၆ နှစ်အရွယ် မယွန်းဝတီကျော်ဟာလည်း တင်ပါးဆုံဒဏ်ရာရခဲ့တယ်လို့ ရေစကြိုမြို့ ဒေသခံက ပြောပါတယ်။ 

ရေစကြို့မြို့တောင်ဘက်မှာရှိတဲ့ ရွာသစ်ရွာ၊ ပေါက်ကူရွာ၊ ကမ္ဘဲ့ရွာတွေမှာ PDF တွေရှိတယ်လို့ စစ်တပ်လော်ဘီ ချန်နယ်တွေမှာ ပြောဆိုနေတာကြောင့် စစ်ကောင်စီက အင်အားဖြည့်ပြီး အခုလို စစ်ကြောင်းထိုးတာ ဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ရေစကြို #စစ်တပ် #ကျေးရွာ #မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10