ရေစကြိုမြို့က စကစ တပ်စွဲထားတဲ့နေရာ စနိုက်ပါအပါ လက်နက်ငယ်အချို့နဲ့ပစ်ခံရ

ရေစကြိုမြို့က စကစ တပ်စွဲထားတဲ့နေရာ စနိုက်ပါအပါ လက်နက်ငယ်အချို့နဲ့ပစ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၄ ဖောင်တော်ဦးရပ်ကွက်၊ ငြိမ်းဇာနည်တပ်စခန်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို စနိုက်ပါအပါအဝင် လက်နက်ငယ်အချို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ ခေါင်းဆောင်ဆီက သိရပါတယ်။

ဇွန်လ ၂၃ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်လောက်မှာ အင်အား ၂၀ ဦးလောက်ရှိတဲ့ စစ်အုပ်စုကို ချောင်းမြောင်းပစ်ခဲ့တာလို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

"ကျနော်တို့ အပြန်အလှန်ပစ်ခတ်ခဲ့တာ မိနစ် ၂၀ လောက်ကြာခဲ့တယ်။ ကျနော်တို့ဘက်က ပြန်ဆုတ်တဲ့အချိန်မှာ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိပါတယ်။" လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံး အခြေအနေကို စုံစမ်းနေဆဲဖြစ်ကာ၊ စစ်ကောင်စီဘက်ကလည်း သေဆုံးမှု အခြေအနေကို ထုတ်ပြန်လေ့မရှိတော့ဘဲ အလောင်းဖျောက်ဖျက်တာ၊ ရေထဲမျှောတာမျိုးတွေ လုပ်လာကြတယ်လို့ ဆိုပါတယ်။

"စုံစမ်းဖို့လည်း တော်တော်လေးကြပ်နေတယ်။ အရင်တုန်းကဆို သူတို့အသေအပျောက်တွေ၊ ဒဏ်ရာရတာတွေရှိတယ်ဆိုရင် ရေစကြိုပြည်သူ့ဆေးရုံကို သယ်တာရှိတယ်။ ပခုက္ကူဆေးရုံကို လွှဲတာရှိတယ်။ အခုနောက်ပိုင်းမှာ သူတို့ဘက်ကဘယ်လောက်ပဲသေသေ မြစ်ထဲကိုမျှောတာလုပ်တယ်၊ နောက်ဆုံးသူတို့အလောင်းတွေဖျောက်ဖျက်တာတွေလည်းရှိတယ်။" လို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။

MBT အဖွဲ့က ပစ်ခတ်ပြီး ပြန်အဆုတ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးအချို့နဲ့ လှမ်းပစ်တာတွေရှိခဲ့သလို အခုလို ထပ်ပြီး လာပစ်ဦးမယ်ဆိုရင် ရပ်ကွက်တွေထဲကို ၆၀ မမ တွေနဲ့ ပစ်မယ်လို့ ခြိမ်းခြောက်တာတွေရှိတယ်လို့ ဆိုပါတယ်။

 

 စာတည်း - ဇို

 

#မြေလတ်အသံ

#ရေစကြို #ငြိမ်းဇာနည် #တပ်စခန်း #တိုက်ခိုက်ခံရ #MBT

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10