ရေစကြိုမြို့ ငြိမ်းဇာနည်တပ်စခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့၊ ငြိမ်းဇာနည်တပ်စခန်းမှာ တပ်စွဲနေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးတယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင်ဆီက သိရပါတယ်။

ရေစကြိုမြို့၊ အမှတ် ၄ ဖောင်တော်ဦးရပ်ကွက်၊ ငြိမ်းဇာနည်တပ်စခန်းက စစ်အုပ်စုကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၁၀ ရက် မနက် ၉ နာရီကနေ ၁၁ နာရီအထိ ၂ နာရီဝန်းကျင်ကြာ ပစ်ခတ်တိုက်ခိုက်ကာ စခန်းအတွင်းပိုင်းအထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့  Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

"ကျနော်တို့ သူတို့အလံတောင်ဖြုတ်ချနေပြီ၊ ငြိမ်းဇာနည်စခန်းက ၂ ထပ်တိုက်ပါ၊ ပထမထပ်ကကောင်တွေက သူတို့မနိုင်လို့ ပြန်ပြေးကုန်ပြီ၊ သူတို့ထဲက ၂ ယောက်အဲဒီနားမှာတင် ပွဲချင်းပြီးသေသွားတယ်၊ ၁ ယောက်ကခေါင်းမှန်ပြီး နောက် ၁ ယောက်က ရင်ဘတ်ဖောက်မှန်သွားတယ်၊ အတွင်းထဲကို ၄၀ မမ၂ လုံးထပ်ပစ်တယ်၊ ကျနော်တို့ဘက်က စခန်းကိုသိမ်းဖို့ အောက်ထပ်ကိုရောက်နေပြီ၊ သူတို့ဘက်က စစ်ကူလာတာကြောင့် ပြန်ဆုတ်ခွာခဲ့ရတယ်" လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

နှစ်ဘက်ပစ်ခတ်မှုအတွင်း စစ်သားတွေက ပြည်သူနေအိမ်တွေကို အကာအကွယ်ယူပြီး ပစ်ခတ်နေတာကြောင့် ကာကွယ်ရေးအဖွဲ့တွေက ဆက်ပြီးပစ်လို့မရဘဲ ပြန်ဆုတ်ခွာလာခဲ့ရတယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ပွားပြီး ညနေ ၃ နာရီ ၁၅ မိနစ်မှာ မြောင်၊ ရေစကြိုနဲ့ အချို့နေရာတွေကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ နာရီဝက်လောက်အကြာ ပစ်ခတ်သွားရာမှာ ရဲဘော်တွေနဲ့ပြည်သူတွေလည်း ဒဏ်ရာရတာရှိတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)၊ YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ Popa Production & Guerilla Force (PPGF)၊ မြောင်တပ်ပေါင်းစု နှင့် Thway Thauk Revolution Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ငြိမ်းဇာနည်တပ်စခန်း #စစ်အုပ်စု #တိုက်ခိုက်ခံရ #စစ်သား #လေကြောင်းပစ်ကူ #ထိခိုက် #PDF #တိုက်ပွဲသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10