ရေစကြိုမြို့ပေါ် စစ်အုပ်စု တပ်စခန်း ၄ ခု တိုက်ခိုက်ခံရ စစ်သား ၇ ဦးသေဆုံး ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ ငြိမ်းဇာနည်စခန်း၊ ဆေးရုံ၊ ရုံးပေါင်းစုံ၊ ကပ်ကျော်ဘုန်းကြီးကျောင်းတို့ကို မတ် ၂၃ ရက် မနက် ၅ နာရီ ၅၅ မိနစ်ဝန်းကျင်ကနေစပြီး ၂ နာရီအကြာ မဟာမိတ် အဖွဲ့ ၆ ဖွဲ့က တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ Myingyan Black Tiger-MBT အဖွဲ့ဆီက သိရပါတယ်။ ဒီတိုက်ပွဲကို ရေစကြိုမြို့ပေါ်က မြို့သိမ်းတိုက်ပွဲတွေအတွက် ခြေလှမ်းအစလို့လည်း ဆိုပါတယ်။ 

ကာကွယ်ရေးအဖွဲ့တွေဘက်က ကပ်ကျော်ဘုန်းကြီးကျောင်းဝင်းထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ကာ အဲဒီစခန်းတွေကို အနီးကပ်ဖြိုဖျက်နိုင်ခဲ့ပြီး သေဆုံးစစ်ကောင်စီလက်နက်တွေကို ကောက်ချိန်မှာတော့ ရဲဘော်တချို့ ထိခိုက် ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့  Myingyan Black Tiger-MBT ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

မဟာမိတ်အဖွဲ့တွေဘက်က တိုက်ပွဲမှာ လက်နက်ခဲယမ်း မပြည့်စုံပေမယ့် ဒရုန်းနဲ့ လက်နက်ကြီးတွေပါ ပါဝင်အားဖြည့်ကာ စည်းစည်းလုံးလုံးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ ၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။ စစ်အုပ်စုဟာ သာသနာကို ခုတုံးလုပ်ကာ ပြည်သူတွေကို မတရားအနိုင်ကျင့်နေတာတွေကြောင့် PDF အဖွဲ့တွေက တိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ သိရပါတယ်၊

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger-MBT ၊Popa Guerilla Force(PPGF)၊ ညောင်ဦးခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ(၁)၊ အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ပန်းတောင်း)၊ ညောင်ဦးခရိုင်ရင်း (၁) ဒရုန်းတပ်ဖွဲ့ ၊ AMA People Defense Force၊ ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့ ၊ YSO TPG ပြောက်ကျားတပ်ဖွဲ့နှင့် Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ Shar Htoo Waw နည်းပညာတပ်ဖွဲ့  (Team -2) ၊ သွေးသောက်တပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ငြိမ်းဇာနည်စခန်း #ဆေးရုံ #ရုံးပေါင်းစုံ #စစ်တပ် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10