ရေစကြိုမြို့ပေါ်ဈေးဝယ်လာတဲ့လူငယ်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို မြစ်ထဲမျှော

ရေစကြိုမြို့ပေါ်ဈေးဝယ်လာတဲ့လူငယ်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို မြစ်ထဲမျှော

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ် ၈ သုခဝတီရပ်ကွက်၊ ချင်းတွင်းမြစ်ကြက်မွှေးဆိပ်ကမ်းမှာ ဈေးဝယ်လာတဲ့လူငယ်တဦး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အသတ်ခံရသူမှာ အသက် ၁၈ နှစ်အရွယ် ကိုခန့်နောင်ဖြိုးဖြစ်ပြီး ရေလယ်ကျွန်းဒေသကနေ ရေစကြိုမြို့ပေါ်ကို စျေးဝယ်လာစဉ် အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ရေစကြိုမြို့မှာ အထိုင်ချထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကြက်မွှေးဆိပ်ကမ်းမှာ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“ ဖမ်းဆီးခံလိုက်ရတာက အမှတ် ၁ ထင်းတန်းရပ်ကွက်နဲ့ အမှတ် ၈ သုခဝတီရပ်ကွက်ကြားမှာ။ ကြက်မွှေးဆိပ်ကမ်းကို ခေါ်သွားပြီး တခါတည်း မျက်လုံးတွေလည်း ဖောက်တယ်၊ ဓါးနဲ့ လည်ပင်းလှီးသတ်ပြီး မြစ်ထဲကိုမျှောလိုက်တာ”လို့ ရေစကြိုမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ရုပ်အလောင်းကိုမြစ်ထဲမျှောခဲ့တာကြောင့် သေဆုံးသူရဲ့မိသားစုနဲ့ ဆွေမျိုးတွေက ချင်းတွင်းမြစ်အတွင်းလိုက်လံရှာဖွေခဲ့ရာ အောက်တိုဘာ ၆ ရက် ယမန်နေ့မှ အလောင်းဆယ်ယူရရှိခဲ့ပြီး မနေ့ညနေပိုင်းမှာပဲ ရေလယ်ကျွန်းဒေသမှာ သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။

“ သူတို့က မြို့ပေါ်တက်လာတဲ့ လူငယ်တွေဆိုရင် မသင်္ကာဘူးဆိုရင် ဖမ်းဆီးပြီး ရိုက်နှက်စစ်တာ။ တခါတလေ ထောင်ချပစ်တယ်။ PDF လို့ သံသယရှိပြီး မေးတာမဖြေရင် သူတို့ကသတ်ပစ်တာ” လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

ရေစကြိုမြို့ အမှတ် ၈ သုခဝတီရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းထဲမှာ စစ်ကောင်စီတပ် ခလရ ၂၅၆ ၊ ခလရ  ၂၅၇ ၊ ခလရ  ၂၅၈ က စစ်သားတွေနဲ့ ဟင်္သာရွာ၊ ဆင်မရဲရွာ ပျူစောထီး အင်အား ၂၀ လောက်နဲ့တပ်စွဲနေကာ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ်တွေဖမ်းဆီးသတ်ဖြတ်နေတာလို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ရေစကြိုမြို့ပေါ်က စစ်သားနဲ့ ပျူစောထီးတွေက ရေစကြိုမြို့ပေါ် အရောင်းအဝယ်လာတဲ့ လူငယ်တွေကို ဖမ်းဆီးသတ်ပစ်တာ ၁၀ ဦးထက်မနည်းရှိပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတဲ့ လူငယ်‌တွေလည်းရှိတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်တပ် #ဖမ်းဆီးသတ်ဖြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10