ရေစကြိုမြို့ပေါ်မှာ ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၃၀၀ ဖိုးဆုံးရှုံး

ရေစကြိုမြို့ပေါ်မှာ ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၃၀၀ ဖိုးဆုံးရှုံး

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၈ စိတ္တသုခတောင်ပိုင်းရပ်ကွက်က နေအိမ်တအိမ်ကို မျက်နှာဖုံးစွပ်လူတစုက နေအိမ်ထဲဝင်ကာ သေနက်ထောက်ပြီး ရွှေထည်ပစ္စည်းတွေကိုယူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီမျက်နှာဖုံးစွပ်အဖွဲ့က အောက်တိုဘာ ၅ ရက် မနက်အစောပိုင်း ၃ နာရီခန့်မှာ အမှတ် ၈ စိတ္တသုခတောင်ပိုင်းရပ်ကွက်ရှိ ဒေါ်သန်းအေးရဲ့နေအိမ်ကိုဝင်ပြီး ကျပ်သိန်း ၃၀၀ တန်းဖိုးရှိ ရွှေတွေကို ယူသွားခဲ့တာလို့ ဆိုပါတယ်။

“စိတ္တသုခရပ်ကွက်၊ ဒေါ်သန်းအေးနေအိမ်က အကျယ်ကြီးပါ၊ မောင်နှမဝမ်းကွဲတွေ နေကြတယ်။ အိမ်က ၃ အိမ်ရှိတယ်။ မျက်နှာဖုံးစွပ်ထားတဲ့လူတစုက သေနက်တွေနဲ့ထောက်ပြီး အမျိုးသမီးတွေ အကုန်စုခိုင်းပြီး ဆွဲကြိုး၊ လက်ကောက်၊ နားကပ်ကအစချွတ်ယူသွားတာ။ ရွှေတန်ဖိုး သိန်း ၃၀၀ ကျော်ဖိုးပါသွားတယ်။” လို့ မြို့ခံတဦးက ပြောပါတယ်။  

ဒေါ်သန်းအေးရဲ့ခြံထဲမှာ မိသားစု ၃ စု၊ မိသားစုဝင် ၁၅ ဦးနေထိုင်ကြကာ ခုလိုပစ္စည်းတောင်းနေချိန်မှာလည်း မိသားစုဝင်တွေကိုသေနတ်တွေနဲ့ထောက်ထားပြီး အော်ရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာကြောင့် ဘယ်သူမှ မအော်ဘဲ ငြိမ်နေခဲ့ရတယ်လို့ ဆိုပါတယ်။ 

“မိသားစုဝင်တွေက မအော်ရဲကြဘူး၊ သူတို့ကသေနက်တွေနဲ့ထောက်ထားကြတာ။ အော်ရင်တခါတည်း ပစ်သတ်မှာလို့ပြောတယ်။ ဖမ်းဆီးသွားတာတော့ လုံးဝမရှိဘူး၊ တိုင်ရင်သတ်ပစ်မှာလို့လည်း ပြောသွားတယ်။”လို့ မြို့ခံတဦးက ပြောပါတယ်။

အဆိုပါမျက်နှာဖုံးစွပ်ထားသူတွေမှာ စုစုပေါင်း ၁၈ ဦးဝန်းကျင်လောက်ပါလာပြီး ဘယ်သူဘယ်ဝါဆိုတာတော့ပြောရခက်တယ်လို့ ဆိုပါတယ်။ 

အခုဓါးပြတိုက်ခံရတဲ့အိမ်ဟာ ရေစကြိုမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာဖြစ်ပြီး အဲ့ဒီနေရာအနီးက ဘောလုံးကွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး ၆ ဦးလောက်က ကင်းပုန်းဝပ်လေ့၊ ပတ်ကင်းလှည့်လေ့ရှိတယ်လို့ အထက်ပါမြို့ခံက ပြောပါတယ်။ 

မိသားစုဝင်တွေကတော့ နေအိမ်မှာမနေရဲတော့တာကြောင့် တခြားနေရာကို တိမ်းရှောင်ကြဖို့ ပြင်နေကြတယ်လို့လည်းသိရကြောင်း သူက ဆက်ပြောပါတယ်။ 

စိတ္တသုခရပ်ကွက်မှာ အိမ်ခြေ ၅၀၀ ကျော်နဲ့ လူဦးရေ ၁ ထောင်ကျော်ရှိပြီး ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံမှာ တပ်စွဲနေတဲ့စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ပစ်တဲ့အတွက် ရပ်ကွက်ထဲကိုလည်း ကျရောက်ပေါက်ကွဲမှုတွေရှိတာကြောင့် အဲ့ဒီရပ်ကွက်ရှိ အိမ်ထောင်စု ၃၀ လောက်လည်း တခြားဒေသတွေကို တိမ်းရှောင်နေကြတယ်လို့ အထက်ပါမြို့ခံက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #ဓါးပြတိုက် #ရွှေထည် #ဆုံးရှုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10