ရေစကြိုမှာမိုင်းကွဲလို့ လူငယ် ၃ ဦးဒဏ်ရာရ

ရေစကြိုမှာမိုင်းကွဲလို့ လူငယ် ၃ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၃)ပွဲစားတန်းရပ်၊ ဝင်းသူဇာ အရောင်းဆိုင်အနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ လူငယ် ၃ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
 
ဧပြီလ ၁၅ ရက်မနေ့ညနေ ၄ နာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်ချိန် စက်ဘီးနဲ့ဖြတ်သွားတဲ့ လူငယ် ၃ ဦးကို မိုင်းစတွေ ထိမှန်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
 
"အဲနားမှာက သင်္ကြန်မဏ္ဍပ်တွေ၊ ကလေးတွေ ရေကစားနေတာမရှိဘူး။ ဝင်းသူဇာအရောင်းဆိုင်ကလည်း ပိတ်ထားတာကြာပြီ။ မိုင်းပေါက်တာကလည်း ဆိုင်ရှေ့တည့်တည့်ကနေ ပေါက်တာ။ အဲ့အချိန် ကလေးတွေကလည်း သင်္ကြန်လည်ရင်း စက်ဘီးနဲ့အဲ့နားကို ဖြတ်သွားချိန်မှာ ထိသွားတာ"လို့ ပြောပါတယ်။
 
မိုင်းစထိလို့ အမှတ် ၃ စျေးတန်းရပ်ကွက်နေ ရဲရင့်အောင် ၁၀ နှစ်၊ ဟိန်းဇေယျာ ၁၄ နှစ်၊ ချစ်ထူးအောင် ၁၂ နှစ်တို့မှာ ဒဏ်ရာရရှိပြီး ရေစကြိုဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။
 
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အမှတ် ၃ ပွဲစားတန်းရပ်ကွက်၊ ဖြူစင်လူမှုကူညီရေး အသင်းရုံးနားမှာ ကလေးတွေရေကစားနေချိန် PDF အဖွဲ့ကထောင်ထားတဲ့ မိုင်းပေါက်ကွဲပြီး ရေကစားနေတဲ့ ကလေးငယ် ကျား ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရေးသားဖော်ပြထားပြီး၊ ကလေးတွေအနေနဲ့ မျက်လုံး၊ လက်နဲ့ ဒူးခေါင်းတို့မှာ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
 
ဒီပေါက်ကွဲမှုနဲ့ပက်သက်ပြီး ရေစကြို ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့အဖွဲ့လုပ်တာ မဟုတ်ဘူး” လို့ မြေလတ်အသံကို ဖြေဆိုထားပါတယ်။
 
ဒီမိုင်းကိုဘယ်အဖွဲ့အစည်းက ထောင်ခဲ့လဲဆိုတာကို မသိရှိရသေးသလို ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက လာရောက်စစ်ဆေးပြီး ပြန်သွားခဲ့တယ်လို့ သိရပါတယ်။
 
စာတည်း - လင်း
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10