ရေစကြိုမှာ လေကြောင်းဗုံးကြဲလို့ အမျိုးသမီးငယ် ၂ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရပြီး ဒေသခံတွေထွက်ပြေးနေရ

ရေစကြိုမှာ လေကြောင်းဗုံးကြဲလို့ အမျိုးသမီးငယ် ၂ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရပြီး ဒေသခံတွေထွက်ပြေးနေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူတိုက်နယ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးငယ် ၂ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၂၂ ရက် ဒီကနေ့မနက် ၉ နာရီကျော်မှာ မအူအလယ်ရွာနဲ့ မအူအောက်ဆိပ်ရွာတိုက်နယ်ဆေးရုံတွေကို မိနစ်ပိုင်းသာခြားပြီး ၂ ကြိမ် ဗုံးကြဲသွားတာဖြစ်ကာ တိုက်ခိုက်ခံရမှုအတွင်း အသက် ၁၂ နှစ်အရွယ်နဲ့ ၁၈ နှစ်အရွယ်အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ မအူတိုက်နယ်ဆေးရုံမှာက CDM ဝန်ထမ်းအချို့နဲ့ ဆေးကုသပေးနေတာတွေရှိတယ်။ တိုက်နယ်ဆေးရုံကို ဗုံးကြဲတာမှာ အနီးဝန်းကျင်ကအိမ်ကို ဗုံးသီးကျတာ။ အဲ့ဒီအိမ်ဝိုင်းထဲက အသက် ၁၈ နှစ် အရွယ်နဲ့ ၁၂ နှစ်အရွယ် ၂ ဦးနေရာတင်ပွဲချင်းပြီး သေသွားတယ်” လို့ ရေစကြိုမြို့ခံတဦးက မြေလတ်အသံ ကို ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် မအူအလယ်ရွာနဲ့ မအူအောက်ဆိပ်ရွာက ဒေသခံ ၈ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ဒဏ်ရာရသူတွေထဲက တချို့မှာ ကိုယ်အင်္ဂါဖြတ်တောက်ရသူတွေရှိတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရတဲ့သူတွေကိုတော့ ရွာရဲ့နီးစပ်ရာဆေးခန်းတွေမှာ ဆေးကုသနေကြရပြီး လေကြောင်းအန္တရာယ်ကြောင့် မအူတိုက်နယ်အတွင်း ကျေးရွာ ၃ ရွာလောက်က ပြည်သူ ၁ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းမှာပဲ မြင်းခြံမြို့နယ်၊ ချေဆေးရွာကို ရဟတ်ယာဉ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦး သေဆုံးတာကြောင့် ဒီမနက်ပိုင်းမှာတင် မြင်းခြံနဲ့ ရေစကြိုမှာသေဆုံးသူ ၃ ဦးရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာလည်း မတ္တရာ၊စဉ့်ကူးနဲ့ ငါန်းဇွန်နယ်တွေမှာ လေကြောင်းဗုံးကြဲခံရတာကြောင့် လူ ၁၇ ဦးသေဆုံးခဲ့ပါသေးတယ်။

ပုံစာ - လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီ တိုက်လေယာဉ်တစီး။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ရေစကြို #လေကြောင်းတိုက်ခိုက် #မအူတိုက်နယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10