ရေစကြိုမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ၁၂ ဘီးကားကို PDF က ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်

ရေစကြိုမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ၁၂ ဘီးကားကို PDF က ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကနေ ရေစကြိုမြို့ထဲကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီရဲ့ ၁၂ ဘီးကား ၁ စီးကို ရေစကြိုအဝင်မှာ အသွားအပြန် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ပကဖဆီက သိရပါတယ်။

ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အင်အား ၆၀ ဝန်းကျင်ပါ ၁၂ ဘီးကား ၁ စီး‌ကို စက်တင်ဘာ ၂၆ ရက် ည ၉ နာရီ ရေစကြိုမြို့ထဲသို့ ဝင်လာတဲ့အချိန်မှာ တကြိမ်၊ ည ၁၀ နာရီ ပြန်အထွက်မှာ တကြိမ် အသွားအပြန် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

“မြို့အဝင်မှာ ၃ လုံးတွဲ မိုင်းနဲ့ တကြိမ်ဆွဲတယ်။ ည ၁၀ နာရီကျော်လောက် ပြန်ထွက်လာတာမှာ နောက်ထပ် တကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ပကဖ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ပထမတကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားပေါ်ကအကုန်ဆင်းပြီး သေနတ်တွေနဲ့ ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့ကြပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။ 

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်ရဲ့ ထိခိုက်ဒဏ်ရာရရှိမှုသတင်းအတိအကျကို စုံစမ်းဆဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်ကလည်း ရေစကြိုမြို့နယ်တောင်ဘက်က စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်သား ၁၇ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ပကဖက ရေစကြိုမြို့အထွက် ဆောက်လုပ်ရေးရုံးရှေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့နယ် #ရေစကြိုမြို့  #မိုင်းဆွဲ #ရေစကြိုမြို့နယ်ပကဖ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10