ရေစကြိုမှာ အငြိမ်းစားကျောင်းဆရာလင်မယား နေအိမ်အတွင်း သတ်ဖြတ်ခံထားရ

ရေစကြိုမှာ အငြိမ်းစားကျောင်းဆရာလင်မယား နေအိမ်အတွင်း သတ်ဖြတ်ခံထားရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ် ၇ ရပ်ကွက်၊ ရန်ကင်းရပ်တောင်ပိုင်းနေ အငြိမ်းစားကျောင်းဆရာလင်မယား ၂ ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတ်ဖြတ်ခံထားရသူတွေဟာ အသက် ၇၀ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ ဦးအောင်ခင်နဲ့  အသက် ၆၅ နှစ်အရွယ် အငြိမ်းစားကျောင်းအုပ်ဆရာမ ဒေါ်ကြည်တင့်တို့ဖြစ်ပြီး မေ ၁၉ ရက် မနေ့ မနက်ပိုင်းမှာ ၎င်းတို့နေအိမ်ကို ရပ်ကွက်နေကလေးတွေ စာသင်ကြားဖို့လာရောက်စဉ် သတ်ဖြတ်ခံထားရတာကို တွေ့ရတာလို့ဆိုပါတယ်။

" ဆရာမတို့လင်မယားက အငြိမ်းစားယူပြီး ကျူရှင်သဘောမျိုးဖွင့်ပြီး ကလေးတွေကို စာသင်ပေးနေကျ။ မနေ့မနက်ကလည်း ကလေးတွေက ခါတိုင်းလို အိမ်လာစာသင်ချိန် တံခါးကပိတ်လျက်ဆိုတော့ မသင်္ကာလို့  ပတ်ဝန်းကျင်ကိုအကူအညီတောင်း တံခါးဖွင့်ကြည့်မှ အဲတော့မှ အသတ်ခံထားရမှန်းသိရတာ။ ဖြစ်နိုင်တာကတော့ ညပိုင်းကတည်းက အသတ်ခံထားရပုံပဲ" လို့ ရေစကြိုမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

အသတ်ခံရသူ လင်မယား ၂ ဦး မှာ မေ ၁၈ ရက်မနက်ပိုင်းအထိ နေအိမ်မှာ စာသင်ကြားပေးခဲ့သေးတာကြောင့် အဲဒီနေ့ညပိုင်းမှာ အသတ်ခံရတယ်လို့ ဒေသခံတွေကပြောဆိုထားပြီး သေဆုံးသူတွေရဲ့လည်ပင်း၊ ရင်ဘတ်နဲ့ နောက်ကျောတို့မှာ ထိုးသွင်းဓားဒဏ်ရာ အချက်ပေါင်းများစွာနဲ့ နေရာမှာပဲသေဆုံးနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ်အတွင်းမှာ မွှေနှောက်ရှာဖွေခံထားရကာ အိမ်တွင်းပစ္စည်းတွေ ပြန့်ကြဲနေတဲ့ အခြေအနေရှိနေပြီး တန်ဖိုးရှိ ရွှေ၊ငွေပစ္စည်းတွေလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အသတ်ခံရပြီး သေဆုံးသွားတဲ့ အငြိမ်းစားကျောင်းဆရာလင်မယားရဲ့နာရေးကိုတော့ မေ ၂၀ ရက် ဒီကနေ့ နေ့လယ်မှာ နီးစပ်ရာသုသာန်မှာ မြေချပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ရေစကြို #လူသတ်မှု #အငြိမ်းစား #ကျောင်းဆရာ #လင်မယား #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10