ရေစကြို၊ ဆင်မရဲပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၁၀ ဦးထက်မနည်းသေဆုံး

ရေစကြို၊ ဆင်မရဲပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၁၀ ဦးထက်မနည်းသေဆုံး

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်မရဲရွာရှိ စစ်တပ်လက်အောက်ပြည်သူ့စစ်(ပျူစောထီး)စခန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက် မနေ့မနက်အစောပိုင်း ၃ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၄၀ ကျော်ရှိ ဆင်မရဲရွာတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီကျော်အတွင်းမှာ ပျူနဲ့စစ်ကောင်စီအဖွဲ့တွေ ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။

" ဒီဘက်က အင်အားအလုံးအရင်းနဲ့ဝင်တော့ စကစတွေဘက်က ရေရှည်တင်းမခံနိုင်ဘဲ ထွက်ပြေးကုန်တယ်။ စကစနဲ့ပျူတွေ သေဆုံးတာတော့ ရှိတယ်"လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ပျူစောထီးနဲ့ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဖမ်းဆီးရမိသူအချို့လည်းရှိကာ တိုက်ပွဲဖြစ်စဉ်အသေးစိတ်နဲ့ လက်နက်သိမ်းဆည်းရမိမှုအခြေအနေတွေကိုတော့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဆင်မရဲရွာပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရပြီး ၁၁ ဦး သေဆုံးတယ်လို့ ရေးသားဖော်ပြကြပါတယ်။

ဆင်မရဲပျူရွာတိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာ ရေစကြိုမြို့ပေါ်က စစ်ကောင်စီအင်အား ၁၅၀ ခန့်ဟာ ကြူရွာကိုဝင်ရောက်လာပြီး ဒေသခံနေအိမ်တွေကို မီးရှို့ခဲ့လို့ နေအိမ်အများအပြားမီးလောင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းထိ စစ်ကောင်စီတပ်ဟာ ကြူရွာဝန်းကျင်မှာရှိနေသေးလို့ မီးလောင်ဆုံးရှုံးမှုအခြေအနေတွေကိုမသိရသေးဘဲ နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ရေစကြို #ပျူစောထီး #တိုက်ပွဲသတင်း #သေဆုံးမှု #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10