ရေစီးနဲ့မျောနေတဲ့ မိသားစုကိုကယ်ဖို့သွားသူ လှေမှောက်ပြီး ၁၉ နာရီကျော်ကြာပျောက်နေပြီးမှ ပြန်တွေ့ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တံတားဦးအဝိုင်းအနီး၊ တံတားဦး-ပုလိပ်လမ်းပေါ်မှာ ရေစီးနဲ့မျောနေတဲ့ မိသားစုတွေကိုကယ်ဖို့သွားတဲ့လှေမှောက်ပြီး ၁၉ နာရီကျော်ပျောက်ဆုံးနေပြီးမှ အသက်ရှင်လျက် ပြန်ကယ်နိုင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

အမရပူရမြို့နေ အသက် ၆၄ နှစ်အရွယ် ဦးမောင်ဦးဟာ စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီခန့်မှာ တံတားဦးအဝိုင်းအနီးကကျေးရွာတွေမှာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ပြီး နေအိမ်ပြန်ဖို့လုပ်နေချိန် တံတားဦးအဝိုင်းအနီးမှာ မိသားစုဝင် ၅ ဦး ရေစီးနဲ့မျောပါနေတာကိုတွေ့လို့ ကယ်ဆယ်ဖို့ ကြိုးစားခဲ့တာပါ။

ရေစီးသန်နေတာကြောင့် မိသားစုဝင်တွေနဲ့အနီးအနားရှိသူတွေက မသွားဖို့ ဝိုင်းတားနေတဲ့ကြားကနေ စက်လှေနဲ့တဦးတည်းထွက်ခွာသွားချိန်မှာ လှေမှောက်ပြီးရေစီးနဲ့မျောပါသွားခဲ့တာပါ။

အဲဒီနောက် အနီးအနားရှိ လူမှုကူညီ​​ရေးအသင်းတွေက ဝိုင်းဝန်းရှာဖွေကြပေမယ့် ပျောက်ဆုံးသွားခဲ့ပြီး စက်တင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မြတ်သဒ္ဒါလူမှုကူညီရေးအသင်းဝင်တွေနဲ့ ရေလမ်းကြောင်းပြတွေရဲ့အကူအညီနဲ့ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဦးမောင်ဦးကို တွေ့ရှိရချိန် လှေမှောက်နေရာနဲ့အတော်လှမ်းလှမ်းအကွာ ရေစီးကြောင်းအတွင်းက သရက်ပင်တပင်ပေါ်မှာ ဖက်တွယ်နေတာကိုတွေ့လို့ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးမောင်ဦးကယ်တင်ဖို့ကြိုးစားခဲ့တဲ့ မိသားစုဝင် ၅ ဦးကို စက်တင်ဘာလ ၁၄ ရက် မနက် ၇ နာရီမှာပဲ အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

တံတားဦးမြို့နယ်အတွင်းက ကျေးရွာတော်တော်များများမှာ စက်တင်ဘာ ၁၃ ရက်ကစပြီး ပန်းလောင်မြစ်ရေနဲ့ စမုံမြစ်ရေတက်လာလို့ ရေကြီးနစ်မြုပ်ခဲ့သလို ရန်ကုန်-မန္တလေးအမြန်လမ်းအပါအဝင် လမ်းပိုင်းအချို့မှာ သွားလာလို့မရအောင် ရေကျော်တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #တံတားဦး #ရေကြီး #သဘာဝဘေးအန္တရာယ် #ကယ်ဆယ်ရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10