ရေစီးနဲ့မျောပါပြီးပျောက်ဆုံးခဲ့တဲ့ သားအမိ ၄ ဦးမှာ ၃ ဦးအသက်ရှင် မိခင် ၁ ဦးသေဆုံး

ရေစီးနဲ့မျောပါပြီးပျောက်ဆုံးခဲ့တဲ့ သားအမိ ၄ ဦးမှာ ၃ ဦးအသက်ရှင် မိခင် ၁ ဦးသေဆုံး

မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့မှာ ချောင်းရေကြီးလို့ ပျောက်ဆုံးနေနဲ့ သားအမိ ၄ ဦးအနက် ၃ ဦးအသက်ရှင်လျက်ပြန်တွေ့ပြီး မိခင်၁ ဦးကို သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၄ ရက် ညနေ ၃ နာရီကျော်လောက်မှာ စလင်းချောင်း ရေလျှံလို့ ဆင်ဖြူကျွန်းမြို့မှာ ရေကြီး ရေလျှံဖြစ်ပြီး အသက် ၂နှစ်အရွယ်ကလေးနဲ့အမေဖြစ်သူ ၂ ဦးအပြင် နောက်ထပ်သားအမိ ၂ ဦးလည်း ပျောက်ဆုံးခဲ့တာပါ။


ဆင်ဖြူကျွန်းမြို့၊ ပြန်လွင့်ရပ်ကွက်က ၂ နှစ်အရွယ် မောင်အားချစ်နဲ့ အမေဖြစ်သူ မနှင်းနှင်းနှောင်းတို့ နှစ်ဦးဟာ ဆိုင်ကယ်နဲ့ သုံးပင်တောင်အသွားမှာ ရေကြီးတာနဲ့ ကြုံပြီး ပျောက်ဆုံးခဲ့တာလို့ မိသားစုဝင်တဦးက ပြောပါတယ်။

"သူတို့သားအမိက သူတူ ၂ ယောက်ကို ဆိုင်ကယ်နဲ့ နေအိမ်လိုက်ပို့တာ။ လမ်းမှာ ရေတွေက တက်လာတော့ ဆိုင်ကယ်တွေက ဆက်သွားမရတော့ဘူး။ တူ ၂ ယောက်ကိုက မီးသတ်တွေက ကယ်လိုက်လို့ ဆိုင်ကယ်ရောလူတွေရော ပြန်ရတယ်။ သူတို့သားအမိ နှစ်ယောက်က ပျောက်သွားတာ။ ပြန်တွေ့တဲ့အချိန်မေးကြည့်တော့ လမ်းမှာရေကြီးတော့ ဆက်သွားမရဘဲ ပိတ်မိနေခဲ့တာ။ ရေနဲ့တော့ နည်းနည်းပါသွားသေးတယ်တဲ့။ ပတ်ဝန်းကျင်ကကူညီလို့ အဲ့နားက ဘုရားကုန်းပေါ်မှာ ပို့ပေးခဲ့တယ်လို့ သိရတယ်" လို့ ပြောပါတယ်။

အဲ့ဒီအပြင် ညနေ ၄ နာရီမှာ ပြည်စိုးကုန်းရပ်နေ ဒေါ်အေးသန်းနဲ့ ဒေါ်ယာဥ်မင်းစိုးတို့ သားအမိ ၂ ဦးလည်း နေအိမ်မှာရှိနေချိန် ရေစီးနဲ့ မျောပါသွားပြီးပျောက်ဆုံးခဲ့တာပါ။

"သူတို့ သားအမိက အိမ်ထဲရှိနေချိန် တံခါးဖွင့်လိုက်တာ ရေတက်တာနဲ့ကြုံပြီး ရေစီးနဲ့မျောပါသွားတာ။ အမေကတော့ သေသွားတယ်။ သမီးကတော့ အသက်ရှင်လျက် ပြန်တွေ့ရတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

မေလ ၁၅ ရက် ဒီနေ့မနက် ၁ နာရီခန့်မှာ ဒေါ်အေးသန်း အလောင်းကို သုံးပင်တောင်ရပ်ကွက်၊ ရေမိန်ရိပ်သာကျောင်းအနီးမှာ ပြန်တွေ့ခဲ့ပြီး သမီးဖြစ်သူ ဒေါ်ယဥ်မင်းစိုးကိုပါ အသက်ရှင်လျက်ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၁၄ ရက်ညနေ စလင်းချောင်း ရေလျှံလို့ ဆင်ဖြူကျွန်းမြို့ သုံးပင်တောင်၊ ကွက်သစ်ရပ်ကွက်၊ ပြည်စိုးကုန်း၊ ရွာသစ်ကလေး၊ ရွာသစ်ကြီး၊ ရန်ဘိုကုန်းရွာ၊ နွယ်တမယ်ရွာတွေအပါအဝင် နေရာအချို့မှာ ရေကြီးရေလျှံတာဖြစ်လို့ ပြည်သူတွေက ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ- ရေကြီးပြီး ပျောက်ဆုံးခဲ့တဲ့ ၂နှစ်အရွယ်ကလေးသားအမိကို မေ၁၄ရက် ည ၁၀နာရီဝန်းကျင်က တွေ့ရစဥ်

စာတည်း- ဇို
#မြေလတ်အသံ

#ဆင်ဖြူကျွန်း #စလင်းချောင်း #ရေကြီးရေလျှံ #သေဆုံး #မကွေး #မိုခါမုန်တိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10