ရေတာရှည်က တပတ်တာတိုက်ပွဲမှာ တပ်ကြပ်ကြီး တဦးအပါ ၁၁ဦးသေဆုံးခဲ့

ရေတာရှည်က တပတ်တာတိုက်ပွဲမှာ တပ်ကြပ်ကြီး တဦးအပါ ၁၁ဦးသေဆုံးခဲ့

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ကျေးရွာတခုမှာ စစ်သား အင်အား ၁၅၀ ဝန်းကျင် အထိုင်ချထားတဲ့စခန်းကို ဇူလိုင် ၅ ရက်ကနေ ၉ ရက်အထိ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတဦးအပါအဝင် ၁၁ ဦးသေဆုံးတယ်လို့  ပါဝင်ခဲ့တဲ့စစ်ကြောင်းတခုဆီက သိရပါတယ်။

စစ်သား အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့စစ်ကြောင်းက အဲ့ဒီစခန်းကို ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေတူးကျေးရွာကနေ မေလ ၃ ရက်က စတင်ဝင်လာခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်တာအပြင် အပြန်အလှန် ပစ်ခတ်တိုက်ပွဲတွေပါ ဖြစ်ခဲ့တယ်လို့ အဲ့ဒီစစ်ကြောင်း တာဝန်ခံက ပြောပါတယ်။

"ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရှိတဲ့ဘက်ကို ဝင်ရောက်စီးနင်းလာတဲ့ စစ်ကြောင်းက ကျေးရွာတရွာမှာ အထိုင်ချတာ။ ၅ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုတွေ ပေါင်းစည်းပြီး တွန်းထုတ်နိုင်ခဲ့တာ။" လို့ ဗိုလ်ရာကျော်က ပြောပါတယ်။

စဝင်လာတဲ့ ဇူလိုင် ၃ရက်မှာကတည်းက စခန်းချရာရွာ အနီးမှာ နယ်မြေခံတပ်ရင်း ၃၅၀၁ရဲ့ တပ်ခွဲ ၄နဲ့ ၆ အပါအဝင် ဗိုလ်ရာကျော်တို့စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့စစ်သား ၁၀ဦး သေဆုံးခဲ့ပြီး ကြားရက်တွေမှာလည်း တိုက်ပွဲငယ်လေးတွေဖြစ်နေခဲ့တာလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်လာတဲ့ ၄ရက်မြောက်နေ့ ဖြစ်တဲ့ ဇူလိုင် ၈ရက်ညဦးပိုင်း ၁၀နာရီလောက်ကစပြီး အထိုင်ချထားတဲ့ ရွာထဲကို ၄၀မမ ဗုံးသီးတွေပစ်ခတ်ခဲ့ပြီး ဇူလိုင် ၉ရက် မနက် ၄နာရီလောက်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဗိုလ်ရာကျော်က ဆက်ပြောပါတယ်။

"မနက်ပိုင်း ၄ နာရီလောက်မှာ ထိတွေ့တိုက်ပွဲထပ်ဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ သူတို့အထိုင်ချထားတဲ့ကျေးရွာကို ပြန်လည်စီးနင်း သိမ်းပိုက်နိုင်ခဲ့တာပါ" လို့ ပြောပါတယ်။

စခန်းပြန်သိမ်းနိုင်ခဲ့တဲ့ ဇူလိုင် ၉ရက် မနက်မှာ စခန်းချသွားတဲ့ ကျေးရွာကို နယ်မြေရှင်းလင်းရေးဝင်ခဲ့ချိန်မှာ မိုင်းဆွဲခံရတဲ့နေ့က သေဆုံးခဲ့တဲ့ စစ်သား ၁၀ဦး အလောင်းနဲ့ တပ်ကြပ်ကြီး တဦးရဲ့ အလောင်းကို မြေမြှုပ်ထားခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ နယ်မြေရှင်းလင်းရေးဝင်တဲ့ အချိန်မှာတော့ ကျဆုံးသွားတဲ့ တပ်ကြပ်ကြီးရဲ့ သွေးစွန်းနေတဲ့ အဝတ်အစားတွေတို့၊ ဒဏ်ရာကုထားတဲ့ အနေအထားတွေကို မြင်တွေ့ရတဲ့အတွက် လက်ရှိကျနော်တို့သိရသလောက်တော့ အမြောက်တပ်က တပ်ကြပ်တယောက်ပါမယ်ဆိုတာတော့ သေချာသလောက်ရှိပါတယ်" လို့ ဗိုလ်ရာကျော်က ပြောပါတယ်။

စစ်ကောင်စီဘက်က တပ်ပြန်ဆုတ်မသွားခင် တပ်ကြပ်ကြီးနဲ့ တပ်သား ၁၀ဦးကို အဲ့ဒီရွာမှာပဲ မြှုပ်ထားခဲ့ပြီး အဲ့ဒီစစ်ကြောင်းက ထောင်ထားခဲ့တဲ့ မိုင်းတွေကို ရှင်းလင်းဖို့ ဗိုလ်ရာကျော်တို့ နေပြည်တော်စစ်ဒေသခွဲ ရိုးမစစ်ကြောင်း အပါအဝင် နယ်မြေခံ တပ်ရင်းတခုရဲ့ တပ်ခွဲ ၂ခုက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မှတ်တမ်းဓါတ်ပုံတွေအရ သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီးရဲ့ စစ်ဝတ်စုံဟာ လေကြောင်းရန်ကာကွယ်ရေးတပ် တခုကဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ရေတာရှည် #တပတ်တာတိုက်ပွဲ #တပ်ကြပ်ကြီး #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10