ရေတာရှည်က အုပ်ချုပ်ရေးမှူးရဲ့ ယောက္ခမ ပစ်ခတ်ခံရပြီး သေဆုံး

ရေတာရှည်က အုပ်ချုပ်ရေးမှူးရဲ့ ယောက္ခမ ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ အင်ဒိုင်းကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဝင်ဖမ်းချိန် ယောက္ခမဖြစ်သူက ဝင်ရှုပ်တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ရေတာရှည် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဆီက  သိရပါတယ်။

ဩဂုတ်လ ၂၀ ရက် မနေ့ည ၉ နာရီလောက်မှာ အင်ဒိုင်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်နိုင်ကို ဝင်ရောက်ဖမ်းဆီးရာမှာ သူကထွက်ပြေးသွားပြီး ယောက္ခမဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးဝင်းမောင် က ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"သွားတာက တင်မောင်နိုင်ကို ဖမ်းဖို့သွားတာ။ သူကထွက်ပြေးချိန်မှာ သူယောက္ခထီးက ဓားထဆွဲတော့ ပစ်ခတ်ခဲ့တယ်။ နောက်မှာ ဒလန်စာရင်းပြန်ကြည့်တော့ သူတို့လည်းပါတယ်။ အုပ်ကြီးကော သူမိန်းမကော သူယောက္ခထီးကော ဒလန်တွေပါ။ ကျန်တဲ့သူကိုတော့ ဘာမှ မလုပ်ခဲ့ဘူး"လို့ ရေတာရှည် ပကဖ တာဝန်ရှိသူ က ပြောပါတယ်။

ဦးတင်မောင်နိုင်နဲ့ ဦးဝင်းမောင်တို့ဟာ စစ်ကောင်စီတပ်တွေလိုအပ်တဲ့ ရိက္ခာတွေကို ထောက်ပံ့ ကူညီပေးတဲ့အပြင် PDF အတွက် ထောက်ပို့လုပ်သူတွေကိုလည်း သတင်းပို့ဖမ်းခိုင်းတာတွေ ရှိတဲ့အတွက် ခုလို ရှင်းလင်းဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

"အုပ်ကြီးက PDF ထောက်ပို့လုပ်နေသူတွေကို စကစ ဆီသတင်းပို့ ဖမ်းခိုင်းတာရှိတယ်။ စကစ လိုအပ်တဲ့ ကား၊ ရိက္ခာကအစ ကူညီပေးတယ်။ သူယောက္ခထီးကျတော့ ထောက်ပို့ လမ်းကြောင်းစုံစမ်းပေးတယ်။ ဒါပေမယ့် အဲ့လောက်မဆိုးဘူး။ သူ့သမက်ကို လာဖမ်းတော့ ပြန်ရန်လိုတဲ့ ပုံစံရှိလို့ သတိပေးပစ်ခတ်ခဲ့ရတယ်"လို့ ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။ 

ဦးဝင်းမောင်ကို ပစ်ခတ်ပြီး ကျေးရွာကနေ ပြန်လည်ထွက်ခွာချိန် ဦးတင်မောင်နိုင်ရဲ့ သားဖြစ်သူ မောင်အောင်အောင်ကို လမ်းပြခေါ်သွားပြီး ကျေးရွာထိပ်ရောက်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးဝင်းမောင်မှာ တင်ပဆုံကျည်ဖောက်ဝင် ဒဏ်ရာရပြီး ရေတာရှည်ဆေးရုံကို တင်ပို့ကုသချိန်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၆ ရက်ကလည်း ရေတာရှည်မြို့နယ်၊ အင်းယားကျေးရွာမှာ စစ်ကောင်စီသတင်းပေး ရာအိမ်မှူး ဦးတင်ဝင်း သူရဲ့နေအိမ်အနီးမှာပဲ ပစ်ခတ်ရှင်းလင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူးတိုင်း #ရေတာရှည် #သတင်းပေး #ဒလန် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10