ရေတာရှည်က ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးဟုဆို

ရေတာရှည်က ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးဟုဆို

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့  ၂ ရက်တာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးတယ်လို့ ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ ကူတိုးကုန်းဘက်ကနေ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းခွဲလာချိန် ကဲလင်းဆိပ်ရွာအနီးမှာ စုစုပေါင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

"ပထမရက်မှာတော့ ၄ ယောက်သေတာ။ နောက်တရက်မှာတော့ သူတို့က ကွင်းပြောင်ထဲကနေ တက်လာတော့ ကျနော်တို့ဘက်က အပိုင်စောင့်ပြီးပစ်ရတာ။ တော်တော်ကျကုန်တယ်။ သူတို့ဘက်က အကောင်ကြီးတကောင်ပါ ထိသွားလို့ ချက်ချင်းပြန်ဆုတ်သွားကြတာ” လို့ ပုဝါနီစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

၂ ရက်တာ တိုက်ပွဲအတွင်းမှာ PDF ပူးပေါင်းတပ်တွေရဲ့ စနိုက်ပါ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်တာခံရပြီး စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေကပြောပေမယ့် မြေလတ်အသံက ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒါ့အပြင် ဇန်နဝါရီ ၂၉ မနက်ပိုင်းမှာလည်း ကဲလင်းဆိပ်ရွာကို စစ်ကောင်စီအဖွဲ့က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဒေသခံနေအိမ် ၁၀ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီဘက်က ထိခိုက်မှုများတာကြောင့် ကူးတို့ကုန်းဘက်ကနေတဆင့် ရေတာရှည်မြို့ဘက်ကို ကားတွေနဲ့ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ကဲလင်းဆိပ်ရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၁၀၀၀ ဝန်းကျင် ထွက်ပြေးနေရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ နေပြည်တော် PDF နဲ့ကူကီးစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဇန်နဝါရီ ၉ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာ၊ သရက်အုပ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10